မွန်ပြည်နယ်အတွင်း မြွေကိုက်ခံရသူများပြားပြီး ၅ လတာကာလအတွင်း မြွေကိုက်ခံရသူ ၉၀ ဦးရှိပြီး၊ ၅ ဦးသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။
ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ မြွေကိုက်ခံရသူ ၉၆ ဦးရှိပြီး၊ သေဆုံးသူ ၅ ဦးရှိခဲ့သည်။
သေဆုံးသူ ၅ ဦးတွင် ကျိုက်မရောမြို့နယ်မှ ၃ ဦး၊ မုဒုံမြို့နယ်မှ ၁ ဦးသေနှင့် ကျိုက်ထိုမြို့နယ်မှ ၁ ဦး ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“မြွေကိုက်ခံရသူများတယ်။ မနှစ်ကဆို ရွာမှာ မြွေထိလို့ဆေးရုံးပို့ပေးဖြစ်တာ ၃၇ ယောက်လောက်ရှိတယ်။ တခြားရွာကလူတွေလည်းပါတယ်။ အချို့ကတော့ မြွေအမျိုးအစားသိတယ်။ အချို့က မြွေအမျိုးအစား မသိတာလည်းရှိတယ်။ အသက်သေဆုံးရှံးသွားတာလဲရှိတယ်” ဟု မုဒုံမြို့နယ်၊ ကလော့သော့ရွာမှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြွေကိုက်ခံရသူများပြီး အသက်သေဆုံးသွားသူများလည်းရှိခဲ့သည့်အတွက် မြွေအန္တရာယ် မပေါ့ဆကြရန်၊ အထူးသဖြင့် တောင်သူလယ်သမားများ၊ လယ်ကွင်းအနီးနေထိုင်ကြသူများ သတိထားသွားလာကြရန် ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။
“အရင်တုန်းကဆို မြွေဟောက်တွေ ထိတာများပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတိထားရမှာက ထွန်ယက်ပြီးသား လယ်ယာတွေမှာ မြက်ပေါက်နေတဲ့နေရာတွေမှာ ကန်တင်းရဲ့ဘေးဘက်တွေမှာ ရေတွေရှိတဲ့နေရာတွေမှာ သတိထားရမှာဖြစ်တယ်” ဟု တောင်သူလယ်သမားတစ်ဦးက ဆိုသည်။
မြွေကိုက်ခံရသူ ၉၆ ဦးထဲတွင် မော်လမြိုင်မြို့နယ်မှ ၅ ဦး၊ ကျိုက်မရောမြို့နယ်မှ ၅၁ ဦး၊ ချောင်းဆုံမြို့နယ်မှ ၅ ဦး၊ မုဒုံမြို့နယ်မှ ၃ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၃ ဦး၊ ရေးမြို့နယ်မှ ၇ ဦး၊ သထုံမြို့နယ်မှ ၁၁ ဦး၊ ပေါင်မြို့နယ်မှ ၃ ဦး၊ ကျိုက်ထိုမြို့နယ်မှ ၂ ဦး၊ ဘီးလင်းမြို့နယ်မှ ၆ ဦး ရှိခဲ့သည်။
