မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက် ဝင်းသုခရွှေဆိုင်ဈေးဝင်းအတွင်းရှိ “ရွှေလဝန်း” ရွှေဆိုင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက လုယက်ခံရပြီး သိန်းပေါင်းထောင်နှင့်ချီ ပါသွားကြောင်း နီးစပ်သည့်မြို့ခံတို့ထံမှ သိရသည်။
ယနေ့ နံက်ပိုင်း ၇ နာရီခွဲအချိန်ခန့်က “ရွှေလဝန်း” ရွှေဆိုင်ပိုင်ရှင်မှ ဆိုင်ဖွင့်နေချိန်တွင် အမည်မသိအမျိုးသားနှစ်ဦးလိုက်ပါစီးနင်းလာသည့် မော်တော်ကားတစ်စီး ဆိုင်ရှေ့ရောက်ရှိလာပြီး ရွှေပုံးတစ်ပုံးကို လုယက်ယူဆောင်သွားသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။
“ဆိုင်ဖွင့်ဖို့ ဆိုင်ကိုရောက်တော့ ဆိုင်ရှင်အမျိုးသားက ကားသွားထားနေတဲ့အချိန် အမျိုးသမီးဖြစ်သူက ရွှေပုံး နှစ်ပုံးကို ဘေးမှာချထားပြီးတော့ ဆိုင်သော့ဖွင့်နေတဲ့ချိန်မှာ အမည်မသိအမျိုးသားတစ်ဉီးက ဝင်လာပြီးတော့ ရွှေပုံး တစ်ပုံးကို လုသွားပြီး ကားမောင်းထွက်ပြေးသွားတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
လုယက်ခံသွားရသည့်ရွှေပုံးသည် ပလက်တီနမ်ရွှေများ ထည့်ထားသည့်ပုံးဖြစ်ကြောင်း တန်ဖိုးသိန်းပေါင်းရာချီရှိနိုင်ကြောင်းလည်း ဆိုသည်။
ရေးမြို့ပေါ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှုများ၊ နေအိမ်ဖောက်ထွင်းခံရမှုများ၊ လုယက်ခံရမှုများ နေ့စဥ်လိုလိုဖြစ်ပွားနေသော်လည်း ယခုလိုရွှေဆိုင်လုယက်ခံရမှုဖြစ်စဥ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာရှိ ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိလက်နက်ကိုင်နှစ်ဦးက ဆိုက်ကယ်ဖြင့်ရောက်ရှိလာပြီး ရွှေများလုယက်သွားခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် မေလက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ရွှေမြို့တော်ရွှေဆိုင်နှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက သီရိမြိုင်ရပ်ကွက် ၁၂ လမ်းထိပ် ရွှေအုန်းပင်ရွှေဆိုင်တို့လည်း လုယက်ခံရမှုဖြစ်ပွားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ ရွှေဆိုင်လုယက်ခံရမှုများအပြင် ခိုးမှုများ နေအိမ်ဖောက်ထွင်းခံရမှုများ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု သိရသည်။