spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆွေးနွေး

    အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆွေးနွေး

    -

    အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့က ဆွေးနွေးခဲ့ကြကြောင်း ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်လိုက်သည်။

    အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့က မေလ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    နှစ်ရက်တာ တွေ့ဆုံမှုတွင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများ ကျော်လွှားနိုင်ရန် လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများ ရှာဖွေဆောက်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

    ထိုသို့ နည်းလမ်းရှာဖွေရာတွင် အဓိကအားဖြင့် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး၊ နိုင်ငံရေး‌ဆွေး‌နွေးပွဲများသည် အမျိုးသားရေး လုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်ဖြစ်ရေး၊ နိုင်ရေးဆွေး‌နွေးပွဲ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်အခြေခံမူများပေါ်တွင် ရပ်တည်ရေးတို့ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် ဖော်ပြထားသည်။

    အပစ်ရပ် ၇ ဖွဲ့နှင့် AHA center တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းစဥ်များကိုလည်း ပြည်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနမှုအကူအညီပေးရေး လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။

    ၎င်းပြင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များ၏ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင်းလည်း အပစ်ရပ် ၇ ဖွဲ့အနေဖြင့် တက်စွမ်းသဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

    အပစ်ရပ် ၇ ဖွဲ့အနေဖြင့် NCA ၏ အနှစ်သာရ (၃) ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံ‌ရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးအပေါ် ခိုင်မားစွာ ရပ်တည်ပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဟုလည်း ဆိုထားသည်။

    အဆိုပါ တွေ့ဆုံဆွေး‌နွေးမှုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တက်ရောက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts