Home သတင်း သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် လက်နက်ကိုင်တစ်စုကပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် လက်နက်ကိုင်တစ်စုကပစ်ခတ်လို့ ဒေသခံ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်တစ်စုက ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်ခန့်က အင်အား ၂၀ ဦးကျော်ရှိ လက်နက်ကိုင်တစ်စုက အနင်းကျေးရွာထဲ ဝင်လာပြီး လမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် မိုးဇော်ဦးနှင့် နိုင်အဒစ်ဆိုသူ ၂ ဦးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“ကရင်တပ်တွေ ကရင် PDF တွေပေါ့။ သူတို့ ရွာထဲ ဝင်လာတဲ့အချိန်မှာ ဒီလူ ၂ ယောက်က ဆိုင်ကယ်နဲ့ သူ့အလုပ် သူသွားတာပေါ့လေ။ သူတို့က ဆိုင်ကယ်ကို ရပ်ခိုင်းပြီးတော့ ပစ်တယ်။ နဖူးတည့်တည့်ပစ်ခံထိပြီး ၁ ဦးသေသွားတယ်။ နောက် ၁ ဦးက ထွက်ပြေးပြီး ဟိုက ပစ်လို့ ခြေထောက်ထိသွားတယ်” ဟု အနင်းကျေးရွာခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခံရမှုကြောင့် အသက် ၂၇ နှစ်အရွယ် မိုးဇော်ဦးသည် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့်  အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ နိုင်အဒစ်ကတော့ ထွက်ပြေးစဥ် ပစ်ခတ်ခံရမှုကြောင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် အနင်းကျေးရွာရဲစခန်းဘက်မှ လက်နက်ကြီးဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကိုင်အဖွဲ့တို့က အနင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူ မိုးဇော်ဦးနှင့် နိုင်အဒစ်တို့ ၂ ဦးသည် အနင်းကျေးရွာနေသူများဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူကို လူမူကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် အနင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အနင်းကျေးရွာ ရဲစခန်းမှ ကရင်လူမျိုးများ နေထိုင်ရာကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကရင်လက်နက်ကိုင်တို့က ယခုလို အနင်းကျေရွာထဲ ဝင်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.