မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ဒေသခံပြည်သူ ၂ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း သိရသည်။
ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်နေ ကိုထက်ဥက္ကာလင်း (ခ) ဥက္ကာ၏ နေအိမ်နှင့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က မေ ၁၀ ရက်နေ့ လာရောက် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
အလားတူ ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာနေ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ နေလင်းထိုက် (ခ) အာမီ၏ နေအိမ်နှင့် ကုန်စုံဆိုင်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့သည်ဟု ဆိုသည်။
ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက်တို့ ၂ ဦးကို ကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဆိုပြီး နေအိမ်နှင့် ပိုင်ဆိုင်မှုများကို နိုင်ငံတော်သိမ်းဆည်းကြောင်း စစ်ကောင်စီက လာချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။
ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက်တို့ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ယခု နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက ကိုထက်ဥက္ကာလင်းနှင့် ကိုနေလင်းထိုက်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းရှိ NLD ပါတီကိုယ်စားလှယ်၊ NLD ပါတီထောက်ခံသူတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် နေအိမ် ၁၀ လုံးထက်မနည်းနှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီတို့က ချိတ်ပိတ်မှု ပြုလုပ်ခဲ့သည်။