ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်တို့က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာ ၆ ရွာတို့မှ ဒေသခံပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၂၆၄ သည် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ခင်ကန့်လန့်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် အင်းပရိကျေးရွာများတွင် တပ်စွဲထားကာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညကစပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ပါရှိသည်။
စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် လယ်ဒိုမြို့နယ်၊ လိန်ပင်ဝဲကျေးရွာ၊ သစ်ဖရောင်းတန်းကျေးရွာ၊ ခင်ကန့်လန့်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထိုသို့ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျီးပင်စုကျေးရွာ၊ လိန်ပင်ဝဲကျေးရွာ၊ သစ်ဖရောင်းတန်းကျေးရွာ၊ ဝဲမှူးကျေးရွာ၊ ကျည်စုကျေးရွာနှင့် အလယ်ကျွန်းကျေးရွာစသည့် ကျေးရွာစုစုပေါင်း ၆ ရွာမှ ဒေသခံပြည်သူလူ ၃၁၇၄ ဦး ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် ကေအဲန်ယူ-လယ်ဒိုမြို့နယ် တာဝန်ရှိသူများမှ ဆေးဝါး၊ အမိုးအကာများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များစွာရှိနေသေးသည်ဟုလည်း KNU ဗဟိုက ထုတ်ပြန်ထားသည်။