တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာတွင် အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ပြီး ၅ ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က လောင်းလုံးမြို့နယ် ကျောက်ဝပ်ပြင်ကျေးရွာကနေ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅၀ ကျော်ရှိသည့် ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်းခြိမ်းခြောက်ပစ်ခတ်ပြီးနောက် အောက်ကျော်ဝပ်ကျေးရွာထဲကို ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အောက်ကျောက်ဝပ်ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ လူ ၅၀ ကျော်ရှိပါတယ်၊ ရွာထဲကို မရောက်ခင်ကတည်းက လက်နက်တွေ အရမ်းပစ်ခတ်တာ၊ ခြိမ်းခြောက်ပြီး ပစ်တာ၊ အဲဒါပြီးမှ ရွာထဲရောက်လာတာပါ။ ရောက်ရောက်ချင်းချင်းပဲ ရွာထဲက အိမ်တွေကို ဝင်ရှာတယ်၊ လူမတွေ့တဲ့ အိမ်တွေကို မီးရှို့ပါတယ်။ မီးရှို့ခံရတဲ့ အိမ်အရေအတွက် ဘယ်လောက်ရှိပြီးလဲတောင် ဘယ်သူကမှ သွားမကြည့်ရဲပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့တို့က တွေ့ရာလူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာဘောလုံးကွင်းနေရာတွင် ရိုက်နှိက်စစ်ဆေးမှု ပြုလုပ်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခံရာ ၅ ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“နေအိမ်ထဲဝင်ရှာတာ တွေ့တဲ့သူတွေကို ဖမ်းလိုက်တာ၊ အမျိုးသား ၆ ဦးပါ၊ သူတို့ဖမ်းလိုက်တာ၊ ဘာဖြစ်လို့ ဖမ်းတာလဲတော့ မသိရဘူး၊ ကျွန်တော်တို့က ရွာကနေရှောင်နေကြတာမို့ လှမ်းမေးလို့ သိရတာ၊ အဲမှာပဲ ၆ ဦးလုံးကို ပစ်သတ်လိုက်တယ်ပြောတယ်၊ တစ်ဦးက မသေဘူး၊ ဒဏ်ရာပြင်းထန်းရရှိထားတယ်၊ သူ့ကိုတော့ ဆေးရုံပို့ထားတယ်လို့တော့ ပြောတယ်” ဟု အထက်ပါ အောက်ကျောင်ဝပ်ဒေသခံက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က ကျေးရွာကနေ ပြန်လည်ဆုတ်ခွာသွားသော်လည်း အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ တပ်စွဲထားသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအနီးရှိ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်းသေဆုံးခဲ့သည့်အပြင် MA 3 မောင်းပြန်သေနတ် တစ်လက်၊ ကျည်ဆံ၊ Vigo ကားတစ်စီးနှင့် ဆက်စပ်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့တို့က ကျောက်နီမော်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာထဲကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့တာ၊ အရပ်သားများကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။