spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် သောင်ပြင်ကမ်းခြေတွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်

    ရေးမြို့နယ် သောင်ပြင်ကမ်းခြေတွင် သေနတ်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ သောင်ပြင်ကျေးရွာရှိ ကျိုက်မင်ဝကမ်းခြေတွင် မတ်လ ၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်ခန့်က ဆိုင်ကယ်စီးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး ဆိုင်ကယ်၊ ရွှေဆွဲကြိုး လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

    ကျိုက်မင်ဝကမ်းခြေတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆိုင်ကယ်စီးနေစဉ် အနောက်မှ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်လိုက်လာပြီး ဆိုင်ကယ်အား ရပ်ခိုင်းခဲ့ကြောင်း၊ ၎င်းတို့မှ ဆိုင်ကယ်အား မရပ်ပေးသည့်အတွက် နောက်မှ ဆိုင်ကယ်က အမြန်လိုက်လာကာ ဆိုင်ကယ်ဘေးချင်းကပ်လျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးတွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    သေနတ်သမားတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆိုင်ကယ်နှင့် အမျိုးသားဖြစ်သူ ဆွဲထားသည့် ရွှေဆွဲကြိုးအား လုယက် ထွက်ပြေးသွားခဲ့သည်ဟု သောင်ပြင်ကျေးရွာခံတစ်ဦး ပြောသည်။

    “ကောင်မလေးရဲ့ ဝမ်းဗိုက်ပိုင်း ချက်ရဲ့ဘယ်ဘက်ခြမ်းမှာ သေနတ်ဒဏ်ရာရရှိသွားတယ်။ ဒဏ်ရာက ရှေ့နောက် ထုတ်ချင်းပေါက် ရသွားတာပါ။ အဲ့ဒါနဲ့ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လုယက်ခံရသူနှစ်ဦးသည် လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှ အသက် (၂၃) နှစ်အရွယ် အမျိုးသားနှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်တို့ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

    သေနတ်ဒဏ်ရာရရှိခဲ့သည့် မိန်းကလေးကို သောင်ပြင်ကယ်ဆယ်ရေးအသင်း (TPR Rescue) မှ လူနာတင်ယာဉ်ဖြင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် မိန်းကလေးမှာလည်း သတိကောင်းစွာရနေသေးကြောင်း ၎င်းသောင်ပြင်ကယ်ဆယ်ရေးအသင်း (TPR Rescue) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    “ကျိုက်မင်ဝကမ်းခြေနဲ့ သောင်ပြင်ရွာကြားမှာ အမျိုးသမီးတစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံထားရတယ်ဆိုတဲ့ သတင်းရရခြင်းပဲ အခင်းဖြစ်တဲ့နေရာကို သွားရောက်ပြီးတော့ သေနတ်ပစ်ခံထားရတဲ့သူကို သွေးထွက်မလွန်အောင် လုပ်ဆောင်ပေးပြီး လမိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သေနတ်ဒဏ်ရာက ဝမ်းဗိုက်ပိုင်း ချက်ရဲ့ဘယ်ဘက်နားမှာ ထုတ်ချင်းပေါက်ဒဏ်ရာဖြစ်နေတော့ လမိုင်းဆေးရုံကနေတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ပါတယ်” ဟု သောင်ပြင် ကယ်ဆယ်ရေးလူငယ်အသင်း (TPR Rescue) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts