အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ ၄ ဦးကို NLD ပါတီမှ ထုတ်ပယ်ကြောင်း NLD ပါတီက ယနေ့ မတ်လ ၃ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားသည်ဟု ပါရှိသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများအား အရေးယူပေးရန် ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့်ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီဝင်များ တင်ပြလာချက်များအရ ပါတီကနေ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
အဆိုပါ ပါတီ ၄ ဦးကို ပါတီမှ ပေးထားသည့်တာဝန်များအား ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း ယင်းတို့၏ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်နှင့် မည်သို့မျှသက်ဆိုင်မှုမရှိပါကြောင်း ထုတ်ပြန်ပါရှိသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ဒေါ်လာများ ပေးခဲ့ကြောင်း အဂတိအမှုမှာ စစ်ကောင်စီဘက်က သက်သေထွက်ဆိုခဲ့သည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားသည်။