မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စိမ်ကလဲ့ရွာနှင့် အင်္ဂဘိုရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမ Feel စားသောက်ဆိုင်အနီးတွင် မတ်လ ၃ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်ကောင်စီယာဉ်တန်းကို KNU/KNLA ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖေါ်ပြချက်အရ သိရသည်။
“မနက်က Feel စားသောက်ဆိုင်အနီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ကျိုက်ထိုမြို့ တောင်ကလေးသင်္ချိုင်းမှာ စစ်ကားနှစ်စီးနဲ့ လာသင်္ဂြိုဟ်သွားတယ်လို့ သိရတယ်။ ဘယ်နှစ်လောင်းလဲတော့ မသိဘူး” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
သို့သော်လည်း စစ်ကောင်စီဝါဒဖြန့်လူမှုစာမျက်နှာမှာတော့ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားတစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ Icon စက်တစ်လုံးနှင့် ပစ္စတိုတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားဖေါ်ပြထားသည်။
စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရမှုအပြီး မုပ္ပလင်ဘက်က စစ်ကောင်စီတပ်တို့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ရော်ဘာခြံများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သည့်အပြင် မပေါက်ကွဲသေးသည့် ၄၀ မမ လက်နက်ကြီးကျည်တစ်လုံးလည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းကို တစ်နာရီကျော်ကြာ ပိတ်ထားခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်ရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရသည့်အပြင်၊ ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်သားများလည်း မကြာခဏ ပစ်ခိုက်တိုက်ခိုက်ခံနေရသည်။
ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းတလျှောက်တွင် တိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပွားနိုင်သည့်အတွက် ခရီးသွားများနေဖြင့် သတိထားပြီးသွားလာသင့်ကြောင်းလည်း ဒေသခံတို့က တိုက်တွန်းထားသည်။