Homeသတင်းမှတ်ပုံပြန်တင်သည့်နိုင်ငံရေးပါတီ ၁၃ ပါတီအထိရှိလာ

မှတ်ပုံပြန်တင်သည့်နိုင်ငံရေးပါတီ ၁၃ ပါတီအထိရှိလာ

-

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၁၃ ပါတီအထိရှိလာသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၈ ပါတီ ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဖယ်ဒရယ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UNION DEMOCRACY PARTY) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဒီမိုကရက်တင်အင်အားစုလေဘာပါတီ၊ ဒီမုကရေစီပါတီသစ် (ကချင်)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ Arakan Front Party (AFP) တို့ ဖြစ်သည်။

စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဟု ပြဌာန်းထားပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟု ပြဌာန်းထားသည်။

ဥပဒေသစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းနှင့် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ရှိရမည်ဟု ပြဌာန်းပါရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉၀) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀) နှင့် ပါတီရန်ပုံငွေ ကျပ်သိန်း (၁၀၀) ရှိရမည်။

ထို့အတူ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၁၈၀) အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိမြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၁၈၀) အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြညနယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး (၅) မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts