Homeသတင်းရေးမြို့ အဏ္ဏဝါရပ်ကွက်တွင် ရဲနှင့်စစ်တပ် မှားယွင်းပစ်ခတ်မှုဖြစ်ပွား


ရေးမြို့ အဏ္ဏဝါရပ်ကွက်တွင် ရဲနှင့်စစ်တပ် မှားယွင်းပစ်ခတ်မှုဖြစ်ပွား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ်၊ ၆)

ရေးမြို့ အဏ္ဏဝါရပ်ကွက်တွင် ယမန့်နေ့ သြဂုတ် ၅ ရက် နေ့လည် ၁၂ ခွဲအချိန်ခန့်က အရပ်ဝတ် ရဲနှင့် စစ်တပ် အချင်းချင်းကြား မိနစ်ပိုင်းအချိန်အနည်းငယ်ခန့် မှားယွင်းပစ်ခတ်မိကြောင်း သတင်းရရှိသည်။

အဏ္ဏဝါရပ်ကွက်သားတစ်ဦးက “စစ်တပ်က အရပ်ဝတ်တွေနဲ့ သေနတ်ကိုင်ပြီး Honda Fit အနက်ရောင် စီးလာတယ်၊ သေနတ်တွေကိုင်ထားတဲ့ အရပ်ဝတ်ရဲတွေက ကွန်းယာဝယ်နေရင်း ရုတ်ကနဲအနီးကဖြတ်သွားတဲ့ကားကို အလန့်တကြားနဲ့ နောက်ကနေလှမ်းပစ်လိုက်တယ်၊ ကားဘီးကိုသေနတ်ထိမှန်တယ်၊ သိပ်မကြာပါဘူး ရဲမှန်းစစ်သားမှန်း တဖက်နဲ့တဖက် သွားကြတယ်” ဟု ပြောသည်။  

အဆိုပါ စစ်တပ်စီးနင်းလိုက်ပါလာသည့်ကားသည်လည်း ကျည်ထိမှန်ပြီး ကားဘီးပေါက်သွားကြောင်း၊ ၎င်းပစ်ခတ်မှုတွင် မည်သူမှထိခိုက်ဒဏ်ရာ မရှိကြောင်း သိရသည်။

ထိုနောက် အဏ္ဏဝါကားဝင်းရှေ့ အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရဲ (သို့မဟုတ်) စစ်တပ်က သေနတ် ၃-၄ ချက် ပစ်ဖောက်ခဲ့ပြန်သဖြင့် လမ်းသွားလမ်းလာအားလုံးထွက်ပြေးကြပြီး စာသင်ကျောင်းက ကျောင်းသားများသည်လည်း အိမ်သို့ပြေးပြန်လာကြသည်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ကျောင်းသားမိဘတစ်ဦးက “ရေးမြို့နယ်မှာ ဒီသြဂုတ် ၅ ရက်နေ့ကစပြီး ကျောင်းမတက်ကြဖို့ စာတွေကပ်တာ လိုင်းပေါ်တင်ထားတာတွေ့ရတယ်၊ ခလေးတွေကို ဘယ်သူမှကျောင်းမလွှတ်ချင်တော့ဘူး” ဟု ပြောသည်။

ယင်းသို့ စာသင်ကျောင်းအသီးသီးသို့ ကျောင်းမတက်ရန် စာလိုက်ကပ်သူ အစင်ကျေးရွာက လူငယ်တစ်ဦးနှင့် နှစ်ကရင်ကျေးရွာက လူငယ်တစ်ဦးတို့ကိုလည်း သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးသွားသည့်သတင်းကြားသိရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က ရေးမြို့နယ် လဝကရုံးအတွင်း ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လဝကရုံးမှ ၂ ဦးပွဲချင်းပြီး သေဆုံးကာ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များကြောင့် ရေးမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများအနေဖြင့် စိတ်ချောက်ချားမှုများ ဖြစ်မိကြောင်း သိရသည်။

အလားတူ မကြာခင်ရက်ပိုင်းတွင် လမိုင်းမြို့က မွန်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးဦး၏မှားယွင်းပစ်ခတ်ခဲ့မှုကို တာဝန်ယူခြင်းမရှိသည့်အပေါ် ဒေသခံလူငယ်များ ဝမ်းနည်းပူဆွေးမှုဖြစ်ပေါ်နေပြီး တရားဥပဒေလမ်းကြောင်းအရ မည်ကဲ့သို့ဖြေရှင်းသွားရမည်ကို လမ်းကြောင်းရှာဖွေလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိလာသည့်အတွက် ရေးမြို့နယ်ကို သြဂုတ် ၅ ရက်နေ့စွဲဖြင့် ဒေသန္တရအမိန့် ၃/၂၀၂၂ ထုတ်ပြန်ကြောင်း နစကကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြေညာခဲ့သည်။

ရေးမြိူ့ပေါ်တစ်နေရာ

Topics; #ရေးမြို့ #ရဲနှင့်စစ်တပ် #မှားယွင်းပစ်ခတ်မှု

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts