Homeသတင်းသုဝဏ္ဏဝတီမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

သုဝဏ္ဏဝတီမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်က္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်မှ သထုံမြို့နယ်ဘက်သို့ စကစ် (၃၆) နှစ် ‌မောင်းနှင်ပြီး ဒေါ်သေးသေး (၅၉)နှစ် လိုက်ပါလာသောDream 125 မော်တော်ယာဉ်သည် လမ်းဖြတ်ကူးလာသော ကျိုက္ကော်ရပ်ကွက် ဘုရားကြီးလမ်းနေ ဒေါ်မြင့်မြင့်ဝင်း(၅၃) နှစ်အား ဝင်ရောက်တိုက်မိခဲ့သည်။

အဆိုပါ တိုက်မှုကြောင့် တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိကာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ ကိုဖြိုးဇော်ဦး (၃၆) နှစ် မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုးအစား ယာဉ်အား မျက်နှာချင်းဆိုင်တိုက်ခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာ စကစ်(၃၆) နှစ်သည် ကားအောက်သို့ ရောက်ရှိသွားကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းအေးမြဖြူစင်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့လည်း ရောက်တာနဲ့ ကုတင်ပေါ်တင်ပြီး ဆေးရုံတိုက်ရိုက်ပို့ပေးလိုက်တယ်။ ဆေးရုံရောက်တော့ဆရာဝန်နဲ့ ဆရာမ လာကြည့်တော့ အခြေအနေမကောင်းဘူး။ သေပြီးဆိုလို့ ရင်ကွဲရုံကိုပို့ပေးခဲ့တယ်”ဟု ၎င်းကပြောသည်။

ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ အမျိုးသမီး နှင့် ဆိုင်ကယ်တိုက်ခံရသူ အမျိုးသမီးတို့မှာ ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့ပြီး မစိုးရိမ်ရ အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒဏ်ရရှိသူ အမျိုးသမီး နှစ်ဦးကို သထုံမြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထပ်ပြောသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ် နှင့် ပတ်သက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူ စကစ် (သေဆုံးခဲ့သူ) အပေါ်သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်ကလည်း သံဖြူဇရပ်မြို့နယ် မော်လမြိုင် – ရေး ကားလမ်းမကြီး မောင်စိန်ရပ်ကွက် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

Topics; #သထုံ #ယာဉ်တိုက်မှု #သေဆုံး

ဓါတ်ပုံ – ပီတီနှလုံးသားလူမှုကယ်ဆယ်ရေးအသင်း

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts