Homeသတင်းသထုံမြို့နယ်တွင် ငွေစက္ကူအတု ပြုလုပ်သူ ၄ ဦး ဖမ်းမိ

သထုံမြို့နယ်တွင် ငွေစက္ကူအတု ပြုလုပ်သူ ၄ ဦး ဖမ်းမိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၂၁)

သထုံမြို့နယ် အောက်ကျင်းရပ်ကွက်နှင့် သုဓမ္မဝတီမြို့သစ်၊ (က) ရပ်ကွက်တွင် ငွေစက္ကူအတု ပြုလုပ်သူ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက် ညပိုင်းက အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်ပိုင်း၊ ကိုးအိမ်စုလမ်းရှိ နေအိမ်တစ်အိမ်တွင် ငါးထောင်တန်ငွေစက္ကူအတု သုံးရွက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အောက်ကျင်းက အိမ်ကို အရင်ဆုံးရှာတာ သတင်းအရ ရှာတာလို့တော့ သိရတယ်။ အဲဒီအိမ်မှာ ပိုက်ဆံအတုတွေ့တော့ ဆက်လိုက်တာ မြို့သစ် (က) ရပ်ကွက်မှာ ထပ်မိတာ”ဟု ၎င်းက ပြောသည်။

စစ်ဆေးချက်များအရ ဆက်စပ်နေသည့် သုဓမ္မဝတီမြို့သစ် (က) ရပ်ကွက်တွင် နေထိုင်သူ သန်းဝေ၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်ရောက်ရှာဖွေရာတွင် တစ်သောင်းတန် ငွေစက္ကူအတု ၁၇၁ ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု ၁၂၆၅ ရွက်၊ တစ်ထောင်တန်ငွေစက္ကူအတု ၁၅ ရွက် အပြင် ငွေစက္ကူအတု ထုတ်ရာတွင် အသုံးပြုသည့် ပရင်တာနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသူ သန်းဝေ အပါအဝင် ၄ ဦးကို အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ ကွင်းဆက်များကို ထပ်မံဖမ်းဆီးရမိနိုင်ရန်အတွက် ဆက်လက်စစ်ဆေးနေကြောင်း သထုံမြို့မစခန်းက သိရသည်။

ပြီးခဲ့သည့် လကလည်း ရန်ကုန်မြို့နယ်အချို့ မရမ်းကုန်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာမြို့နယ်များတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts