Homeသတင်းဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း MUP သဝဏ်လွှာပို့

ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း MUP သဝဏ်လွှာပို့

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ သဝဏ်လွှာပေးပို့ ခဲ့သည်။

ဦးခွန်ထွန်းဦးသည် ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီ ဖြစ်ကာ ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်ခဲ့သည်။

” SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးသည် နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသားအကျိုး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားတန်းတူရေးအတွက် ကာလရှည်ကြာ စွမ်းစွမ်းတမံ အင်တိုက်အားတိုက် ရပ်တည်ပါဝင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ပုဂ္ဂိုလ်  ” ဟု MUP ၏ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်းသည် တိုင်းရင်းသားများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ရပါကြောင်းနှင့် အထူးပင် ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင် သဝဏ်လွှာ ပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။

ဦးခွန်ထွန်းဦး သည် ၁၉၈၈ ခုနှစ်က SNLD ကို ထူထောင်ရာမှာ ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နှစ် ပေါင်း ၃၀ တိုင်အောင် SNLD ပါတီကို ဦးဆောင်ခဲ့သူဖြစ်သလို ရှမ်းပြည်နယ် နိုင်ငံရေးအတွက်လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးအပ်ခဲ့သူ ဖြစ်သည်။

ဦးခွန်ထွန်းဦးသည် နိုင်ငံ​ရေးလှုပ်ရှားမှုကြောင့်  ထောင်ဒဏ် နှစ်ပေါင်း ၉၀ ကျော် ချမှတ်ခံခဲ့ရသည်။

ထို့နောက် ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်က လွတ်မြောက်လာခဲ့ပြီး ရှမ်းပြည်နယ် နိုင်ငံရေးနှင့် SNLD ပါတီ၏ နိုင်ငံရေး လမ်း ကြောင်းကို ဆက်လက် ဆောင်ရွက်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က SNLD ပါတီမှ အနားယူကြောင်း သတင်းစာတွင် ထည့်သွင်းကြေညာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts