HomeCovid 19မွန်တွင် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများ ဈေးမြင့်တက်

မွန်တွင် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများ ဈေးမြင့်တက်

-

မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ ၁၃)

မွန်ပြည်နယ်အတွင်း ကိုဗစ် – ၁၉ ကူးစက်မှုများ မြင့်တက်လာပြီးနောက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ဈေးပြန်လည်မြင့်တက်လာကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ကာကွယ်‌ရေးပစ္စည်းများ ဈေးနှုန်း မြင့်တက်လာခဲ့သော်လည်း ကူးစက်မှု လျော့ကျလာပြီးနောက် ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ ယခု ပြန်လည်မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မြို့နယ်၊ သီရီမြိုင်ရပ်ကွက်မှ ကိုဗစ်ကာကွယ်ရေး ပစ္စည်းရောင်းချနေသူ တစ်ဦးက ပြောသည်။

“တတိယလှိုင်းဖြစ်တုန်းကတော့ အရမ်းသိသာသွားတယ်လေ။ ဈေးတွေက ဆက်တိုက်ပဲ တက်လာတာ။ ပြီးတော့ ကူးစက်မှုတွေလည်း ကျလာတော့ ဈေးတွေက တော်တော်ကို ပြန်ကျသွားတယ်။ အခု အိုမီခရွန် ဖြစ်ပြန်ပြီဆိုတော့ ဈေးတွေက ပြန်တက်လာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း Mask တစ်ဗူး ၁၀၀၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း ယခုတွင်  ၁၅၀၀ ကျပ် မှ ၂၀၀၀ကျပ်အထိ ဈေးမြင့်တက်လာကြောင်း၊ အိတ်ဆောင် Hand Gel တစ်ဗူး ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်ထိ ဈေးတက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ချောင်းဆိုးပျောက်ဆေး၊ ဘိုင်အိုဂျက်စစ်နှင့် ဒီကိုဂျင် အပါအဝင် အားဆေးများလည်း တစ်ကဒ်ကို ပုံမှန်ဈေးထက်  ၈၀၀ကျပ် မှ ၁၀၀၀ကျပ်ထိ ဈေးနှုန်း အသီးသီး ထပ်မံမြင့် တက်လာခဲ့ကြောင်း  မော်လမြိုင်မြို့နယ်မှ ဆေးဆိုင်ရှင် တစ်ဦးက ပြောသည်။

“တတိယလှိုင်းတုန်းကလည်း ဆေးတွေ ပြတ်ကုန်တယ်လေ။ ပစ္စည်းတွေ ပြတ်တယ်။ ကုမ္ပဏီတွေကလည်း ဆိုင်တွေကို လိုသလောက် မပေးနိုင်ဘူး။ ခွဲတမ်းနဲ့ပဲ ပေးတော့တယ်။ သူတို့ပေးသလောက် ယူရတာပေါ့။ ဆေးတွေ လိုအပ်တာများရင် ဈေးလည်း လိုက်တက်လာပေါ့”ဟု ၎င်းက ပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း Mask တစ်ဗူး ၅၀၀၀ ကျပ်၊ လက်အိတ် တစ်ဗူး ၁၀၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်ခဲ့ပြီး ဆေးဝါးများလည်း ယခင်ဈေးနှုန်းထက် နှစ်ဆ ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၁၇၈၇) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၇.၂၃) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Caption: ကိုဗစ်ကာကွယ်‌ရေးပစ္စည်းများ  (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts