မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၇)

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို စောဖလို့စိုးဝင်း (ခေါ်) ပဒိုစောဝင်းခိုင်အား တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
ပဒိုစောဝင်းခိုင်မှာ မြိတ်/ထားဝယ်ခရိုင်၏ ဆက်ဆံရေးရုံးတာဝန်ခံအနေဖြင့် တာဝန်ယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောမူလာ၊ အတွင်းရေးမှူး ပဒို စောအယ်နာ၊ တွဲဘက် အတွင်းရေးမှူး ပဒို စောဘိုးဘိုးခင်မောင်နှင့် တရားသူကြီး ပဒို စောသူးယယ်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး အလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးနှင့် ခရိုင်ကော်မတီဝင် (၁၈)ဦး၊ စုစုပေါင်း (၂၇) ဦးဖြစ်ကြောင်း သိရသည်။
KNU တပ်မဟာ ၄ ၏ (၁၉) ကြိမ်မြောက် ကွန်ကရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ မြိတ်/ထားဝယ်ခရိုင်ရုံးစိုက်ရာ အမာလာထာကျေးရွာတွင် ကျင်းပခဲ့သည်။
ဘိတ်ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခုမှ ကိုယ်စားလှယ်များနှင့် အထူးဒေသ ၂ ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၉၃ ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါ ၁၉ ကြိမ်မြောက်ကွန်ကရက်က သတင်းထုတ်ပြန်ထားသည်။
အလားတူ ကျန်တပ်မဟာများတွင်လည်း ကွန်ကရက် အသီးသီးကျင်းပခဲ့ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟို ကွန်ကရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
