Monday, March 9, 2026
More
    spot_img
    HomeCovid 19Stay at home ကျန်ရှိနေသောကြောင့် မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဆင်မပြေဟုဆို

    Stay at home ကျန်ရှိနေသောကြောင့် မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အဆင်မပြေဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၈)

    မွန်ပြည်နယ်တွင် Stay at Home အဖြစ်သတ်မှတ်ထားသော မြို့များ ကျန်ရှိနေသောကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင်မျှော်မှန်းထားသလောက် အဆင်မပြေကြောင်း ဟိုတယ်လုပ်ငန်းရှင်အသင်းမှ သိရှိရသည်။

    Stay at Home မြို့နယ်များတွင် ကိုဗစ်နှင့်ပတ်သက်ပြီး စစ်ဆေးမှုများက ခရီးသွားပြည်သူများအတွက်အဆင်မပြေကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချန်ထွန်းက ဆိုသည်။

    “ပြီးခဲ့တဲ့ရက်က ကျွန်တော်တို့ ဝန်ကြီးတွေနဲ့ ဗွီဒီယိုကွန်ဖရန့်နဲ့ပြောတော့လည်း ဒီအကြောင်းထည့်ပြောခဲ့တယ်။ Stay at Home မဖြုတ်သေးတော့ မြို့နယ်တွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး စစ်တာဆေးတာတွေရှိနေသေးတော့ ခရီးသွားတွေအတွက်အဆင်မပြေဘူး။ အဲဒီတော့ ဟိုတယ်လုပ်ငန်းအတွက်မျှော်လင့်ထားသလောက် အဆင်မပြေဘူး။ အခု ကျွန်တော်တို့ဆွေးနွေးပြီးတော့ ဝန်ကြီးတွေက ဖြေလျှော့ပေးဖို့ လုပ်မယ်လို့ ပြောတယ်” ဟု ဦးချန်ထွန်းက ဆိုသည်။

    ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသို့ Stay at Home များဖြေလျော့ပေးရန်တောင်းဆိုထားပြီး ခရီးသွားများအတွက် ပညာပေးဇာတ်လမ်းများစီစဥ်ထားကြောင်း သိရသည်။

    အောက်တိုဘာလ ၂၀ရက်နေ့က ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများပါ ယခင်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန် စီစဥ်ခဲ့ကြခြင်းဖြစ်သည်။

    ” ကျွန်တော်တို့ ဧည့်သည်ကတော့ပါးတယ်။ ကျိုက်ထီးရိုးဘုရားပြန်မဖွင့်ခင်ကထက်စာရင် နည်းနည်းပိုများပေမဲ့ ပုံမှန်တော့မဟုတ်သေးဘူး။ဧည့်သည် အရမ်းမများသေးလို့ဝန်ထမ်းတွေတောင် အပြည့်ပြန်မခေါ်ထားရသေးဘူး။”ဟု မော်လမြိုင်မြို့ရှိ မိုတယ် တစ်ခုမှ စုံစမ်းသိရှိရသည်။

    ကိုဗစ် ၁၉ မတိုင်မီ ၂၀၁၉ ခုနှစ်တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ဝင်ရောက်လာသော ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါးခန့် ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ဧပြီလအထိ ခရီးသွား ၇၂၈၁၀၅ ဦး၊ ပြည်ပ ၄၉၆၃၇ ဦး ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရသိရသည်။

    မော်လမြိုင်မြို့ပေါ်မှ ဟိုတယ်အချို့ကိုပိတ်သိမ်း၍ အဆင့်မြင့်ဆေးခန်းအဖြစ် ဖွင့်လှစ်သွားရန် ဟိုတယ်လုပ်ငန်းရှင်များအချို့တို့ နည်းလမ်းရှာကြံနေကြောင်း စုံစမ်းသိရှိရသည်။

    မွန်ပြည်နယ်တွင် ခရီးလှည့်လယ်ရေးကုမ္ပဏီ ၉ ခု ရှိပြီး ဟိုတယ် ၃၆ လုံး၊ နိုင်ငံခြားသားများ တည်းခိုနိုင်မည့် တည်းခိုခန်း ၊ မိုတယ် ၂၂ လုံးရှိပြီး စုစုပေါင်း အခန်းပေါင်း ၂၀၅၉ ခန်းရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks