Homeသတင်းMUP ယာယီဥက္ကဌအဖြစ် ဒေါက်တာနိုင်လှအောင်ကိုခန့်အပ်

MUP ယာယီဥက္ကဌအဖြစ် ဒေါက်တာနိုင်လှအောင်ကိုခန့်အပ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၁)

မွန်ညီညွတ်ရေးပါတီ (MUP) မှ လစ်လပ်နေသည့် ဥက္ကဌ နေရာအား ဒေါက်တာနိုင်လှအောင်ကို ယာယီ ဥက္ကဌ အဖြစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့်ဗဟိုအလုပ်အမှုဆောင်အရေးပေါ်အစည်းအဝေးတွင် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက “ဟုတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ပါတီညီလာခံက ၂၀၂၂ မတ်လမှာ လုပ်မှာပေါ့နော်။ ဒါကြောင့် ဒီကြားကာလမှာ ဆိုရင်တော့ နိုင်လှအောင်ကိုတော့ ကျနော်တို့ ယာယီဥက္ကဌအနေနဲ့ တင်လိုက်တယ်” ဟု နိုင်တလညီက ပြောသည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း ကျင်းပမည့်  ပါတီညီလာခံမတိုင်မီ ကြားကာလ (၅) လအတွင်း ယာယီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ညီလာခံတွင် ဥက္ကဌ နေရာအတွက် ပြန်လည်ရွေးချယ်မည်ဖြစ်သည်။

“နှစ်ပါတီပေါင်းစည်းရေးမူအရ နိုင်လှအောင်က MUP ဒုဥက္ကဌ(၁) ဖြစ်လာတယ်၊ ဥက္ကဌဆုံးသွားတော့ အစဥ်လိုက် ဥက္ကဌဖြစ်သွားတာပါပဲ၊ ဒါပေမယ့် သူ့မှာက နိုင်ငံရေးဖြတ်သန်းမှု သိပ်မတွေ့မိပါဘူး၊ လက်ရှိသူ့အောက်မှာရှိတဲ့ ဥက္ကဌတွေ အတွင်းရေးမှူးတွေလောက် နိုင်ငံရေးသြဇာလည်း မရှိပါဘူး၊ ကျောင်းသားဘဝ အသင်းအဖွဲ့လှုပ်ရှားမှုတွေမှာလည်း သိပ်မထင်ပေါ်ခဲ့သလို သစ်ကုန်သည်စီးပွားရေးသမားဘဝကနေ AMDP မှာ ဒုဥက္ကဌတစ်ယောက်အနေနဲ့ ပါလာတာကို တွေ့ရတယ်” ဟု အမည်ဖော်ပြခွင့်မရှိသည့် မွန်နိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

ဒေါက်တာနိုင်လှအောင်သည် ပျဥ်းမနားရေဆင်း တိမွေးကုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး သစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ကျိုက်မရောမြို့နယ် ၊ မွန်ပြည်နယ်အမှတ် ၂ မဲဆန္ဒနယ်မှ ရွေးချယ်ခံကိုယ်စားလှယ်ဖြစ်ကြောင်း သိရသည်။

ယခင် MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့အတွက် ယင်းနေရာကို ယာယီအစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဥက္ကဌ နေရာကို ယာယီအစားထိုးခန့်အပ်ခဲ့အပ်သဖြင့် ဒုဥက္ကဌ(၁) နိုင်ငွေသိန်း(ဂျနူမွန်)၊ ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့တို့ အဆင့်တိုးလာသော်လည်း လစ်လပ်နေသော အထွေထွေအတွင်းရေးမှူးအတွက် ရာထူးတိုးနေရာချထားမှုများကို လတ်တလောတွင် လုပ်ဆောင်ခြင်းမရှိသေးကြောင်း နိုင်တလညီက ပြောသည်။

ယခင် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်းများ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီကို ၂၀၁၉ ခုနှစ်တွင် ဗဟိုကော်မတီဝင် CC ၁၄၀ ဦးရွေးချယ်ခဲ့ကြောင်း၊ နစကတွင် MUP ပါဝင်မှုကိုလက်မခံသည့်ဗဟိုကော်မတီဝင် ၂၂ ဦးနုတ်ထွက်ခဲ့ကြောင်း၊ ပါတီပေါင်းစည်းစဥ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် EC ၆၁ ဦးရှိခဲ့ရာမှ ယခုအခါ ၃၈ ဦးကျန်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts