HomeCovid 19ကျိုက်မရောမြို့နယ် လူထုကျန်းမာရေးဝန်ဆောင်မှု ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံနေရ

ကျိုက်မရောမြို့နယ် လူထုကျန်းမာရေးဝန်ဆောင်မှု ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံနေရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၇)

လက်ရှိကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေသည့်ကာလအတွင်း ကျိုက်မရောမြို့နယ်ရှိ ကျေးလက်နေပြည်သူလူထုများ၏ ကျန်းမာရေးဝန်ဆောင်မှုများကို ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံနေရကြောင်း သိရသည်။

နိတုံကျေးရွာသားများအနေဖြင့် အစိုးရဆေးရုံသို့သွားရောက်ကုသရန် အခက်အခဲရှိနေသဖြင့် ပရဟိတအဖွဲ့များထံ အကူအညီတောင်းခံခဲ့ရကြောင်း၊ ကျေးရွာအတွင်းရှိ လူနာ ၁၀၀ ခန့်အား ယမန်နေ့က ပရဟိတအဖွဲ့များလာရောက်ပြီး အခမဲ့စစ်ဆေး၍ဆေးကုသမှုပေးခဲ့ကြောင်း နိတုံဘုန်းတော်ကြီးကျောင်းဟောင်းမှ ဆရာတော် အရှင်မာဃက မိန့်ကြားခဲ့သည်။ 

ဆရာတော်က “မော်လမြိုင်က ပရဟိတအဖွဲ့တွေနဲ့ အဆက်အသွယ်ရတယ်၊ ပရဟိတစိတ်ဓါတ်အပြည့်နဲ့ မနေ့က သူတို့လာရောက်အကူအညီပေးခဲ့ပါတယ်၊ ဆရာဝန်တွေခေါ်လာပေးတယ်၊ ရွာမှာ လူနာစာရင်းတွေပြုစုပေးထားတယ်၊ ဘယ်လိုရောဂါတွေအဖြစ်များလဲ၊ သွေးတိုး၊ ဆီးချိုရောဂါအမျိုးအစားအလိုက် စာရင်းကောက်ထားပြီး လိုအပ်တဲ့ဆေးဝါးတွေကို ရွာကအစီအစဉ်နဲ့ အလုံအလောက်ဝယ်ပေးထားတယ်၊ အခုလိုကိုဗေတ်ကာလမှာ ဆေးရုံသွားဖို့ အခက်အခဲရှိတာမို့လို့ ဆရာဝန်တွေခေါ်လာပြီး ကိုယ့်ရွာမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကုသတာ အဆင်ပြေဆုံးပဲ ထင်ပါတယ်” ဟု မိန့်ကြားသည်။

မွန်ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် ပရိယတ္တိဗိမာန် ကိုဗစ်ကုသရေး‌တာဝန်ခံ ဒေါက်တာသက်ကျော်စိုးနှင့် သူနာပြုအဖွဲ့များ၊ မော်လမြိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ကျိုက်မရောမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့များနှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့သည်  ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများသို့ ယမန်နေ့က သွားရောက်၍ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ၊ မရမ်းကုန်းကျေးရွာမှာ နေထိုင်မကောင်းသူများနေလို့ ကိုဗစ်ပိုးစစ်ပြီး ဆေးကုသပေးဖို့ ဆက်သွယ်ကူညီတောင်းခံလာတဲ့အတွက် ကျေးရွာရှိကျန်းမာ‌ရေး  မကောင်းသူ (၈၇)ဦး ဆေးကုသပေးခဲ့ပြီး ကိုဗစ်သံသယရှိသူ(၁၅) ဦးအား RTD Test စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး (၁၅)ဦးတွေ့ရှိခဲ့ပါတယ်၊ ကိုဗစ်ပိုးတွေ့လူနာများကို ကျေးရွာအုပ်ချုပ်ရေးမှူးအစီအစဉ်နဲ့ ကန့်သတ်ထိန်းချုပ်၍ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ပြီးတော့ ကိုဗစ်ပိုးတွေ့သူရှိ အောက်ဆီဂျင်ကျလူနာ(၂)ဦးကို ကျိုက်မရော‌မြို့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်” ဟု ဘိုဘိုဝင်း က ၎င်း၏ လူမှုစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ လူနာ(၈၇)ဦးအတွက် ဆေးဝါးကုန်ကျငွေများကို ဘိုဘိုဝင်း မွေးနေ့အဖြစ် လှူဒါန်းပေးခဲ့ကြောင်း၊ RTD Test အတွက် မိစန္ဒာနွန်အဖွဲ့မှ အလှူငွေ ၅ သောင်းကျပ်လှူဒါန်းပေးခဲ့ကြောင်း၊ မရမ်းကုန်းကျေးရွာလူငယ်များအဖွဲ့အတွက် PPE ၁၀ စုံ အောင်ဆီဂျင်မီတာ (၂)လုံးကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လှူဒါန်းပေးခဲ့ကြောင်း ၎င်း၏လူမှုစာမျက်နှာတွင် ဆက်လက်ဖော်ပြသည်။

ကျိုက်မရောမြို့နယ်တွင် လူမှုပရဟိတဆောင်ရွက်နေသူ မိစန္ဒာနွန်က “ရွာတွေရဲ့ အခက်အခဲကို အရင်မေးမြန်းရတယ်၊ ဘယ်လိုအကူအညီမျိုးလိုအပ်နေကြသလဲ၊ ရောဂါအခြေအနေဘယ်လိုလဲ၊ Negative ဘယ်လောက်ရှိ Positive ဘယ်လောက်ရှိ ကိုဗစ်လူနာဘယ်လောက်ရှိမေးမြန်းပြီးတော့ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်တာပေါ့၊ မွန်ပရဟိတအဖွဲ့ သိပ်မရှိပါဘူး ဒါကြောင့် ဘိုဘိုဝင်းတို့ ဒေါက်တာသက်ကျော်စိုးတို့ကို မေးရတာပေါ့ ဘယ်နေ့လာပေးလို့ရနိုင်သလဲ၊ အစိုးရခွင့်ပြုချက်တောင်းခံဖို့လည်း လိုအပ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဇူလိုင်လအတွင်းက ရေးဘေးဒဏ်သင့်ခဲ့သော အနီးအနားတဝိုက်ဒေသရှိ ကော့ဒွန်း၊ ပေါလောကုန်း၊ ကျွန်းရွာအပါအဝင် ကျေးရွာ ၁၀ ရွာတွင်လည်း ပရဟိတအဖွဲ့များ လာရောက်၍ အခမဲ့ဆေးဝါးကုသပေးခြင်းနှင့် အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




ပရဟိတအဖွဲ့များ၏ အခမဲ့ဆေးကုသဝန်ဆောင်မှု (ဘိုဘိုဝင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts