spot_img
Tuesday, January 20, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ပယ်ဖျက်ခြင်းကို SNLD လက်မခံ

    ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ပယ်ဖျက်ခြင်းကို SNLD လက်မခံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ခုနှစ်၊ ဇူလိုင် – ၂၈)

    လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းကြေညာချက်ကို လက်မခံကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ဇူလိုင် ၂၈ ရက်နေတွင် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်လိုက်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်တိုင်ဆုပ်ကိုင်ထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများအား ဆန့်ကျင်ကျော်လွန်ဆောင်ရွက်ရာရောက်သည့်အပြင် ထိုသို့ ပယ်ဖျက်လိုက်ခြင်းသည် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းများအား သွေဖီနေသည့်အတွက် တရားမျှတမှု လုံးဝမရှိသကဲ့သို့ လက်ခံနိုင်စရာလည်း မရှိပါဟု SNLD က ထုတ်ပြန်ခဲ့သည်။

    SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က “မဖြစ်သင့်ပါဘူးခင်ဗျ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ရှိတယ်လို့လည်း ယူဆလို့ရပါတယ်။ ဒါပေမယ့် မဲရလဒ်နဲ့ ပတ်သက်လို့ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တွက်ချက်မယ်ဆိုလို့ရှိရင် အများစုသော မဲရလဒ်တွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့ ရလဒ်တွေလို့ ကျနော်တို့က ယူဆတယ်။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိကောင်းရှိခဲ့လိမ့်မယ်။ ဒါပေမယ့် ရိုးသားစွာ၊ မှန်ကန်စွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုရှိပါတယ်။ အဲတော့ အကုန်လုံးကို ဝါးလုံးသိမ်းရိုက်ပြီးတော့ ဒီလိုမျိုး ပယ်ဖျက်ကြောင်း ကြေညာလိုက်တာကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရားမဲ့ပြုကျင့်မှုများ ရှိနိုင်သော်ငြားလည်း တနိုင်ငံလုံးအတိုင်းအတာအရ ထွက်ပေါ်လာသည့် မဲရလဒ်အများစုသည် ပြည်သူလူထု၏ ဆန္ဒအမှန်ကို ကိုယ်စားပြုသည်ဟု SNLD က ဆိုသည်။

    SNLD ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့ဆန္ဒနှင့်အညီ အနိုင်ရရှိခဲ့သည့် မိမိတို့၏ ကိုယ်စားလှယ် ၄၂ ဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူလူထု၏ လူထုကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အတွက် ပယ်ဖျက်လိုက်တာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

    ပြည်သူ့ပါတီ(PP)မှ ဥက္ကဌ ဦးကိုကိုကြီးက “အဓိက ကျနော်တို့က ၈၈၈၈ အရေးတော်ပုံကြီးကြောင့်မို့ ဒီပါတီစုံဒီမိုကရေစီလမ်းကြောင်း ပွင့်လာတာပေါ့ဗျာ။ ပွင့်လာတဲ့ နောက်ပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လည်း အကောင်အထည်မဖော်ပဲ ပယ်ဖျက်ခံရတယ်။ အခုတစ်ခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်လည်း ရလဒ်ကြီး တစ်ခုလုံးကို ဖျက်သိမ်းပြစ်လိုက်တယ်ဆိုတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ထဲမှာက နောက်နောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲတွေနဲ့ ရွေးကောက်ပွဲနိုင်ငံရေးတွေ ဒီအပေါ်မှာပါ ယုံကြည်မှု ပျက်ပြားသွားနိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီဟာကတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်” ဟုပြောသည်။

    ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၈၇) ပါတီက ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်အဖွဲ့များက ကြေညာထားပြီး ရွေးကောက်ပွဲ ရလဒ်မှာလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts