Homeငြိမ်းချမ်းရေး၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း UEC ကြေညာ မွန်ပြည်နယ် မဲသမာမှု ၅ သိန်းကျော်ရှိဟုဆို

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းကြောင်း UEC ကြေညာ မွန်ပြည်နယ် မဲသမာမှု ၅ သိန်းကျော်ရှိဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၈ ဇူလိုင် ၂၀၂၁)

တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိသည့်အနက် မဲသမာမှုပေါင်း ၁၁ သန်းကျော် စိစစ်တွေ့ရှိရသဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း နစကကောင်စီ အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 

ထို့အတူ မွန်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ ၁၈ သိန်းကျော်တွင် မဲသမာမှု ၅ သိန်းကျော် စိစစ်တွေ့ရှိရကြောင်း၊ နိုင်ငံသာစိစစ်စစ်ရေးကတ်ပြားမရှိသူ ၃ သိန်းကျော်၊ လူတစ်ဦးမှ ၃ ကြိမ်အထက် မဲပေးခဲ့သူ ၁၃၀၀၀ ကျော်၊ ၂ ကြိမ်အထက် မဲပေးခဲ့သူ ၁၇၀၀၀ ကျော် ရှိခဲ့ကြောင်း UEC က ဆိုသည်။

သို့ရာတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဒါဟာ တကယ့်ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ကင်းကွာဆန့်ကျင်နေတဲ့ ကိစ္စပါ။ ဂုဏ်သိက္ခာမဲ့စွာ အာဏာသိမ်းမှုကို အတည်ပြုမှုရအောင် အတင်း ကြိုးပမ်းထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်တယ်။ ပြည်သူအများစုက သူ့ သဘောဆန္ဒနဲ့ တင်မြှောက်ထားတဲ့ NLD အစိုးရကတော့ နစ်နာသွားတာပေါ့။ စစ်ကောင်စီက အရှက်အကြောက်ကင်းမဲ့စွာ ဒီရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းတယ်လို့ ကမ္ဘာကို ကြေညာတယ်ဆိုတာက သူ့ရဲ့အာဏာသိမ်းမှုကို တရားမျှတတယ်လို့ ပုံဖော်တာဖြစ်ပါတယ်။ အဲဒီ ပုံဖော်မှုကို သူ့ကို နိုင်ငံရေး အရ ထောက်ခံတဲ့ နိုင်ငံရေးပါတီကတောင် မထောက်ခံဘူးဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်”ဟု RFA သတင်းက ဖော်ပြသည်။

ယခင် NLD အစိုးရဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း၊ လူဦးရေစာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက်ပါဝင်မှုများဖြစ်ပွားခဲ့ခြင်း၊ မဲစာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက်ပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း UEC ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် NLD မဟုတ်သည့်ပါတီနှင့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုအားလုံးအား NLD ပါတီက အုပ်ချုပ်ရေးအာဏာအသုံးပြု၍ ကန့်သတ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်၊ တားမြစ်ချက်များကိုလည်းကောင်း အလွဲသုံးခြင်းဖြင့် နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း UEC က စွပ်စွဲထားသည်။ ၂၀၂၀ ရွေးကောက်ပွဲကျင်းပအပြီး တစ်ပတ်အတွင်း NLD အစိုးရခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ချက်အရ လွှတ်တော် ၃ ရပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ခဲ့ပြီး ၉၂၀ ဦး တောင်ပြိုမိုးပြို စံချိန်တင် အနိုင်ရခဲ့ပြီး ဒုတိယအများဆုံး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ၇၁ နေရာနှင့် ကျန်အနိုင်ရ ၁၇ ပါတီသည် တိုင်းရင်းသားပါတီတွေပါတီများသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts