Homeငြိမ်းချမ်းရေးရေးမြို့ပေါ် အလက(၂) ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး

ရေးမြို့ပေါ် အလက(၂) ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (ဇွန် ၁၄ ၂၀၂၁)

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့တွင် ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျောင်းဆင်းချိန် ကားလမ်းပိတ်ပြီး ကလေးတွေကို လမ်းရှင်းပေးနေသူတစ်ဦးလက်မောင်းရှပ်ထိပြီး တစ်ဦးကတော့ နားထင်ထိမှန် သေဆုံးခဲ့တယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတစ်ဦးဖြစ်သူတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်မိရပ်ဖတစ်ဦးမှာ
ခေါင်းတွင်ထိမှန်သေဆုံးခဲ့ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်တွင် သေနတ်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။

အောင်မေတ္တာရပ်ကွက်နေပြည်သူတစ်ဦးက ” သေနတ်သံနှစ်ချက်ကြားရတယ်၊ သေတဲ့တစ်ယောက်က စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ရုံးမှာလည်း ရပ်မိရပ်ဖပဲလို့သိထားတယ်၊ အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်လက်ထက်မှာ အသစ်ခန့်ထားတာပေါ့ ” ဟု မွန်သတင်းအေဂျင်စီကို ပြောကြားသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်နေ့ကလည်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့သလို ဇွန်လ ၃ ရက်နေ့တွင် ရပ်ကွက်ရုံးအနီးရှိ အလက-၂ ကျောင်းကို လက်ပစ်ဗုံးတစ်လုံပစ်သွင်းခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊ လက်ပစ်ဗုံးနှင့်အပစ်ခံရမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့က အောင်သုခရပ်ကွက်နေ ကိုကျော်မင်းထွန်း(ခ)ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts