စိုင်းထွန်းစံ (မော်လမြိုင်၊စက်တင်ဘာ ၁)
မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ်အဆောင်၌ Quarantine ဝင်ရောက်နေသူများထံမှ ကိုဗစ် ၁၉ ကပ်ရောဂါပိုးစစ်ဆေးတွေ့ရှိလူနာ (၈) ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန်သည်။

အဆိုပါ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာများကို Quarantine စင်တာမှ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ယနေ့ညပိုင်းတွင် ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။
မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက “လတ်တလောကတော့ လူနာအမှတ် ၇၇၁ နဲ့ထိတွေ့ထားတာက ၄ ဦး၊ Volunteer က ၄ ဦးပေါ့။ ထိတွေ့ထားတာရှိတဲ့သူတွေကို Quarantine သွင်းလိုက်တာ အဲ့ဒီကနေတဆင့်ရောဂါပို့တွေ့သွားတာ”ဟု ဆိုသည်။
အဆိုပါ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာ(၈) ဦးအနက် မော်လမြိုင်မြို့ရှိ လူနာအမှတ် ၄၈၂ ကို Quarantine ပို့ဆောင်ပေးခဲ့သူ လူမှုကယ်ဆယ်ရေးအသင်းများမှ Volunteer ၁ ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။
ကျန် Volunteer ၃ ဦးမှာ လူနာအမှတ် ၇၇၁ နှင့် ထိတွေ့ခဲသူများကို Quarantine ဝင်ဖို့ သွားရောက်ခေါ်ဆောင်စဥ် ကူးဆက်ခံရခြင်း ဖြစ်သည်။

ထို့ပြင် မော်လမြိုင်မြို့ကို လာရောက်ခဲ့သည့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်နေ ကိုဗစ်-၁၉ လူနာနံပါတ် ၇၇၁ နှင့် ထိတွေ့ခဲ့ကြသည့် မော်လမြိုင်မြို့နေ သံသယလူနာများမှ မိသားစုဝင် (၄) ဦးတို့တွင်လည်း ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
လူနာနံပါတ် ၇၇၁ သည် သြဂုတ် ၂၁-၂၂ ရက်များက မော်လမြိုင်မြို့သို့ လာရောက်ခဲ့ပြီး မုပွန် နတ်ကျွန်းရပ်ရှိ ဆွေမျိုးနေအိမ်တွင် တည်းခိုခဲ့ကာ စစ်ကဲကုန်းရပ်ကွက်နေ ဆွေမျိုး နေအိမ်ကိုလည်း သွားရောက်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးဘိုဘိုဝင်းက ပြောသည်။

လက်ရှိတွင် မုပွန်နတ်ကျွန်းရပ် နေထိုင်သူ ၇ ဦးအပြင် စက်ကဲကုန်းရပ်နေထိုင်သူ ၁၄ ဦး၊ စုစုပေါင်း ၂၁ ဦးကို မော်လမြိုင် တက္ကသိုလ် ၁၀ မြို့နယ်အဆောင်ရှိ Quarantine စခန်းကို ပို့ဆောင်ထားသည်။
COVID-19 ရောဂါ သံသယလူနာ (၁,၇၅၃) ဦးကို စက်တင်ဘာ ၁ ရက်နေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၂) ဦးတွေ့ရှိသဖြင့် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၁၉) ဦးရှိပြီ ဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံ စသည့် (၇) မြို့နယ်ရှိ ပြည်သူများအနေဖြင့် စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကြုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်အမှတ် ၁၀၀/၂၀၂၀ အား စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

