spot_img
Saturday, December 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်နှင့် ရတခဗျူဟာမှူး ဆွေးနွေးမှုအဖြေမထွက်ဘဲ ဂျပန်ရေတွင်းမှာ ဆက်လက်တပ်စွဲထား

    မွန်ပြည်သစ်နှင့် ရတခဗျူဟာမှူး ဆွေးနွေးမှုအဖြေမထွက်ဘဲ ဂျပန်ရေတွင်းမှာ ဆက်လက်တပ်စွဲထား

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၃)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်စခန်းနေရာကို တပ်မတော်မှ တစ်ပတ်ကြာခန့် ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ပြန်လည်အပ်နှံမည့်ကိစ္စအား ဗျူဟာမှူးနှင့် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်တို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တိကျရေရာသည့်အဖြေမထွက်ဘဲ တပ်မတော်နှင့် ကရင်နယ်ခြားစောင့် BGF တို့ မူလအတိုင်း ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနတာဝန်ခံနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အနန်းကွင်းဗျူဟာမှူးတို့ ယမန်နေ့ဆွေးနွေးမှုအရ ဂျပန်ရေတွင်းတပ်စခန်းကို ပြန်လည်အပ်နှံရန် သဘောတူညီမှုရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောကြားခဲ့ပြီး စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဟင်္သာတိုင်ဂိတ်စခန်းနေရာအတွက် ဘုရားသုံးဆူ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံး၌ ယနေ့ဆက်လက်ဆွေးနွေးကြခြင်း ဖြစ်သည်။

    သို့ရာတွင် ဂျပန်ရေတွင်း မွန်တပ်စခန်းမှ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ တပ်မတော်က ဆက်လက်အခြေပြုထားဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ဂျပန်ရေတွင်းရွာသားတစ်ဦးက ပြောသည်။

    ၎င်းက “မွန်တပ်စခန်းနေရာကို ဒီနေ့ပြန်အပ်မလိုလိုနဲ့ သတင်းတွေထွက်နေတယ်၊ အခုနေ့လယ်မှာ ဆိုင်ကယ်နဲ့သွားကြည့်တာ သူတို့(တပ်၊ BGF) အရင်အတိုင်းပဲ ရှိနေတုန်း” ဟု ဆိုသည်။

    တပ်မတော်နှင့် BGF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်းမရှိပါက ရွာသားများအားလုံး နေအိမ်သို့ပြန်ရဲကြမည်မဟုတ်ကြောင်း၊ တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

    လတ်တလောတွင် ဂျပန်ရေတွင်း၊ တပ်ရင်း(၃) နှင့် ကြံတောရွာမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ခလေးများ ၅၀၀ ထက်မနည်း ထိုင်းနယ်မြေအတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်ခိုလှုံနေရသည်မှာ တစ်ပတ်တိတိရှိပြီဖြစ်သည်။

    ယမန်နေ့ညသန်းခေါင်ယံနှင့် လင်းအားကြီးအချိန် ဂျပန်ရေတွင်းနှင့် တပ်ရင်း(၃) ရွာအကြား နာရီဝက်ခန့်ကြာ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး BGF ၂၀၂၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ထိမှန်သေဆုံးခဲ့သည်ကို အင်တာနက်သတင်းများတွင် တွေ့ရှိရသည်။  

    အလားတူ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ၌ ယမန်နေ့ ဒီဇင်ဘာ ၂ ရက်က တပ်မတော်နှင့် မွန်ပြည်သစ် နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံခဲ့ကြရာတွင် တင်ပြမှုအဆင့်သာရှိပြီး ပြေလည်သည်အထိ ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

    ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်အပစ်ရပ်စဲရေးသဘောတူညီချက်အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်မိသားစုများနှင့် မှီခိုသူများ အေချမ်းစွာလုပ်ကိုင်စားသောက်နိုင်ရန် အဆိုပါဂျပန်ရေတွင်းကျေးရွာနှင့် အနီးတဝိုက် ၅ မိုင်ပတ်လည်(ရေဒိယ) ကို တပ်တည်စခန်းအဖြစ်အသိအမှတ်ပြုပေးခဲ့သည့်အတွက် တိုက်ပွဲပစ်ခတ်သံများ ၂၅ နှစ်နီးပါးခန့် တိတ်ဆိတ်ခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။

    သို့ရာတွင် ထိုင်းမြန်မာနယ်စပ် နယ်နိမိတ်ကိစ္စကိုအကြောင်းပြု၍ မွန်ပြည်သစ်ပါတီတပ်တည်စခန်း ဂျပန်ရေတွင်းရွာသို့ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ခြင်းလာခြင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီက စွပ်စွဲထားသည်။

    Photo- မွန်ပြည်သစ်ပါတီနှင့် ရတခဗျူဟာမှူးတို့ တွေ့ဆုံဆွေးနွေးစဉ်(NMSP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts