Homeငြိမ်းချမ်းရေးရတခနှင့် မွန်ပြည်သစ်ယနေ့တွေ့ဆုံမှုတွင် နှစ်ဖက်ပြေလည်သည့်အဆင့်မရောက်သေး

ရတခနှင့် မွန်ပြည်သစ်ယနေ့တွေ့ဆုံမှုတွင် နှစ်ဖက်ပြေလည်သည့်အဆင့်မရောက်သေး

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းကျေးရွာ NMSP မွန်တပ်တည်စခန်းအား တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ဝင်ရောက်ထိန်းချုပ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ၌ ယနေ့(ဒီဇင်ဘာ ၂ ) ရက်နေ့က တပ်မတော်နှင့် မွန်ပြည်သစ် နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံခဲ့ကြရာတွင် ပြေလည်သည်အထိ ဆွေးနွေးနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက “တွေ့ဆုံတဲ့အနေအထားကတော့ နှစ်ဖက်တင်ပြတဲ့အဆင့်ပဲရှိတယ်၊ ကျနော်တို့ တစ်စုံတစ်ရာသဘောတူပြေလည်တဲ့အထိ မရခဲ့ဘူး” ဟု ပြောသည်။

အဆိုပါ နှစ်ဖက်တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 “အခုထိတွေ့မှုဖြစ်စဉ်တွေကို ကျနော်တို့က JMC မှာ တင်ပြသွားဖို့ရှိတယ်၊ နောက် ၂၀၁၂ ခုနှစ် ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် သဘောတူညီချက်နဲ့ ၂၀၁၈ မှာ NCA လက်မှတ်ထိုးတဲ့သဘောတူညီချက်အရ နှစ်ဖက်လက်ခံသဘောတူအတည်ပြုထားတဲ့ ဂျပန်ရေတွင်းစခန်းကို ပြန်လည်လွှဲအပ်ပေးဖို့ တင်ပြခဲ့တာရှိတယ်” ဟု နိုင်ဝင်းလှက ဆိုသည်။

သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီး မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U  သာပါဝင်ထားပြီး ကရင် KNU နှင့် သျှမ်း RCSS တို့မတက်ရောက်သဖြင့် JMC-U တရားဝင်အစည်းအဝေးများရပ်ခဲ့ထားသည်မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်သည်။

အလားတူ ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကားလမ်းပေါ်ရှိ မွန်တပ်တည်စခန်း ဇီးနှစ်ပင်နှင့် ဘုရားတောင်ဂိတ်စခန်း ၂ နေရာအား လွန်ခဲ့သည့် ၂ နှစ်ခန့်က တပ်မတော်မှဝင်ရောက်သိမ်းပိုက်ခဲ့သဖြင့် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း JMC တွင် ဆွေးနွေးဖြေရှင်းမည်ဟုဆိုခဲ့သော်လည်း မွန်ပြည်သစ်ပါတီသို့ ပြန်လည်လွှဲအပ်ခြင်း မရှိပေ။

ထို့အတူ တပ်မတော်သည် NCA လက်မှတ်ရေးထိုးပြီးသော KNU တပ်မဟာ ၅ နယ်မြေနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

Photo- နိုဝင်ဘာ ၂၇ ရက်နေ့က ဟင်္သာကျောက်တိုင်ဂိတ်စခန်းတွင် မွန်အလံခုတ်လှဲခံရပုံ(Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts