spot_img
Sunday, April 21, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးလက်နက်ကိုင်ပဋိပက္ခများကြား အသံမဲ့အမျိုးသမီးများ

    လက်နက်ကိုင်ပဋိပက္ခများကြား အသံမဲ့အမျိုးသမီးများ

    -

    စန္ဒာဉာဏ် 

    ဝါးကြမ်းပြင် ခပ်ကျဲကျဲခင်းထားပြီး ဖက်ရွက်မိုးထားသည့် အိမ်ရှေ့ကပြင်တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကလေးပုခက်လွှဲနေသည်။  

    ကရင်အမျိုးသမီးဖြစ်သူ နော်စိန်မု၏ အိမ်ကလေးသည် မှောင်ရိပ်အတော်ကျကာ အိမ်ရှေ့တွင်လည်း ပလတ်စတစ်ရေပုံးများပြန့်ကဲျနေသည်။ သူမ၏ မြေးဖြစ်သူ ပုခက်ထဲက လသားအရွယ်ကလေးငယ်မှာ မိုးအေးအေးတွင် အိပ်မောကျလျက်။  

    ဆံပင်တိုတိုနှင့် ထဘီကို ဒူးဖုံးရုံဝတ်ထားသော နော်စိန်မုသည် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသရှိ သစ္စာအေးမြိုင် ဒီကေဘီအေ စစ်မှုထမ်းဟောင်းအိမ်ရာတွင် မိသားစုနှင့်အတူ နေထိုင်လာသည်မှာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်သည်။

    စစ်ဘေးဒဏ်ကို မခံနိုင်တော့သည့်အဆုံး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေဖြစ်သည့် ဖာပွန်မြို့နယ် ရွှေဖလားကျကျေးရွာမှ လက်ရှိနေရာသို့ ပြောင်းရွှေ့လာပြီး သူမ၏ ခင်ပွန်းဖြစ်သူ ဒီကေဘီအေ တပ်သားဟောင်းမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ အလုပ်လုပ်ရန်သွားခဲ့ရာ ယခုအချိန်ထိပြန်မလာသည်မှာ ၆ နှစ်ခန့်ရှိပြီ။  

    Photo- နော်စိန်မု၏ အိမ်ကလေး(စန္ဒာဉာဏ်-MNA)

    “ကျွန်မတို့က ငယ်ငယ်လေးထဲက စစ်ပွဲတွေကြားမှာ ပြေးလွှားနေရတော့ တကယ်ငြိမ်းချမ်းရေးအစစ်အမှန်ကို လိုချင်တယ်။ငြိမ်းချမ်းရေးမြန်မြန်ရမယ်ဆိုရင် ကျွန်မတို့က ပိုဝမ်းသာမှာပေါ့” ဟု နော်စိန်မုက ပုခက်လွှဲရင်း ကရင်လိုပြောသည်။

    ထိုသို့ပြောနေစဉ်တွင် သူမ၏ မျက်ဝန်းများမှာ ခံစားချက်ကင်းမဲ့နေသည်။ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး သူမကို မေးမြန်းကြည့်ရာ ဘာကိုမျှနားမလည်ထားကြောင်း ပြောသည်။ 

    ၂၀၁၁ ခုနှစ်တွင် ဒီမိုကရက်တစ် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေနှင့် ကရင်ပြည်နယ်အစိုးရတို့က သစ္စာအေးမြိုင် စစ်မှုထမ်းဟောင်းအိမ်ရာကို တည်ဆောက်ပေးခဲ့သည်။ 

    ဘားအံမြို့မှ ကားဖြင့် ၂ နာရီကျော်ကြာမောင်းရပြီး လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိသည့် အဆိုပါနေရာသည် ဒီကေဘီအေတပ်ဖွဲ့ဝင်ဟောင်းမိသားစုများ၊ စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် တပ်ဖွဲ့ဝင်များအတွက် သီးသန့်နေရာတစ်ခုဖြစ်သည်။ 

    အိမ်ခြေ ၂၇၈ အိမ်နှင့် လူဦးရေ ၁၅၀၀ ရှိရာ မုဆိုးမ  ၇ဝ ကျော်၊ မသန်စွမ်း ၁၁၀ ကျော်နှင့် သက်ကြီးရွယ်အို ၈၀ကျော် ပါဝင်ကြောင်း အိမ်ရာဥက္ကဌ၏ ပြောပြချက်အရသိရသည်။

    လက်ရှိမှာတော့ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ် (၂၄ ပြည်) နှင့် ငွေသုံးသောင်းကျပ်ကို  နိုင်ငံတော်မှ

    လစဉ်ထောက်ပံ့ပေးနေသည်။

    ကိုယ့်ကိုယ်ကို မုဆိုးမအဖြစ် ခံယူထားသူ နော်စိန်မုတွင် သား ၃ ယောက် သမီး ၃ ယောက်ရှိရာ သမီးအငယ် ၂ ယောက်မှာ အခြားမြို့တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေပြီး သားကြီးမှာ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေသည်။ 

    လက်ရှိတွင် သားငယ်၂ ယောက်၊ သမီး၊ သမက်၊ မြေးနှင့်အတူ နေထိုင်ပြီး အိမ်ဖော်လုပ်နေသော သမီး ၂ ယောက်ထံမှ ပံ့ပိုးငွေတစ်လလျှင် ကျပ်တစ်သိန်း သူမအတွက် ရရှိသည်။ 

    ၁၉၄၉ ခုနှစ်ကတည်းကစတင်ခဲ့သော ကရင်ပြည်တွင်းစစ်သည် ကမ္ဘာတွင် အကြာဆုံးစစ်ပွဲများထဲမှ တစ်ခုဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် စစ်ဘေးရှောင်အားလုံး နေရပ်ကိုမပြန်နိုင်သေးချေ။ 

    “အဓိကက ငြိမ်းချမ်းရေးပဲလေ သူတို့က ငြိမ်းချမ်းရေးပဲ လိုချင်ကြတာပေါ့နော်။ ငြိမ်းချမ်းပြီဆိုလို့ရှိရင် ဘာနဲ့ပဲစားနေရပါစေ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ဟိုး တောတွေတောင်တွေထဲမှာဆိုလို့ရှိရင် သူတို့က စစ်သားတွေကိုလည်းကြောက်ရတယ် ကေအန်ယူရန်ကိုလည်းကြောက်ရတယ်။ ကြောက်ရလွန်းလို့သာ ဒီဘက်ကို ထွက်ပြေးလာတာလေ” ဟု လက်နက်ကိုင်ပဋိပက္ခကို ကိုယ်တိုင်ဖြတ်သန်းကြုံတေ့ွရခဲ့ဖူးသူတစ်ဦးဖြစ်ပြီး မြိုင်ကြီးငူအထူးဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသည့် သူနာပြုဆရာမ နော်နန်းသဇင်က ရှင်းပြသည်။ 

    ပြင်ပကမ္ဘာနှင့် ကင်းကွာလျက်ရှိသော နေရာတွင် ၈ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းမယ်မယ်ရရမရှိ၊ ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်ရင်း သာမန်နိုင်ငံသားတစ်ယောက် ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် အခွင့်အရေးကအစအများကြီးဆုံးရှုံးနေဆဲ။ 

    ၂၁ ရာစု တတိယပင်လုံညီလာခံအပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ခေါင်းဆောင် ၁၀ ဦး၊ အစိုးရဘက်မှ ခေါင်းဆောင် ၁၀ ဦးပါသည့် အစည်းအဝေးအပြီးတွင် KNU နှင့် RCSS တို့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ရှေ့ဆင့်နောက်ဆင့် ရပ်နားလိုက်ရာ JMC နှင့် UPDJC တွင်ပါဝင်သည့် ဆွေးနွေးမှုများလည်း ရပ်တန့်သွားသည်။ 

    ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာလျန်မုန်းဆာခေါင်းကမူ “မြန်မာပြည်မြေပုံရဲ့ နယ်စပ်တစ်လျှောက်လုံးဟာ စစ်မြေပြင်ကြီးဖြစ်သွားပြီ။ စစ်မြေပြင်ကြီးဖြစ်သွားတဲ့အတွက် အဲဒီအထဲမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝက ပြတိုက်ထဲကလူတွေလိုပဲ။ ဘယ်သူမှ ထွက်လို့မရဘူး” ဟုပြောသည်။ 

    ကမ္ဘာတစ်ဝန်း စစ်ပွဲ၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ၏ ဆိုးကျိုးနှင့် ယင်း၏နောက်ဆက်တွဲ ပြင်းထန်သောအကျိုးဆက်ကို နည်းမျိုးစုံဖြင့် ခံစားရသူများမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များဖြစ်ကြောင်း UN Women အဖွဲ့ကဆိုသည်။

    သို့သော်လည်း ထိုအမျိုးသမီးများ၏ အသံများ၊ ခံစားချက်များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

    များ၊ နိုင်ငံရေးစကားဝိုင်းများပေါ်သို့ ရောက်ရှိလာခြင်း  

    နည်းပါးနေကြောင်း ဒေါက်တာလျန်မုန်းဆာခေါင်းကဆက်ပြောပါသည်။ 

    “ကျွန်တော်တို့တိုင်းပြည်ထဲမှာ မထင်မရှား ဘယ်သူမှအသိမှတ်ပြုခြင်းမခံရတဲ့ ဘယ်သူမှလည်းစကားပြောဖူးခြင်းမခံရတဲ့ လူထုတွေရဲ့ငိုသံတွေ ကြေကွဲသံတွေ အများကြီးရှိတယ်။  အဲဒီလူထုအသံကို ကျွန်တော်တို့ နားထောင်ဖို့လိုတယ်။ အဲဒီလူထုထဲမှာမှ အမျိုးသမီးအသံ ကလေးငယ်အသံ ကျွန်တော်တို့ အမြဲတမ်းသိပ်မကြားရဘူး နိုင်ငံရေးပိုလွှမ်းမိုးနိုင်ပြီး သြဇာရှိတဲ့ ယောကျ်ားအသံပဲကြားရတယ်” ဟု၎င်းကဆိုသည်။ 

    ၂၁ ရာစုဒုတိယ ပင်လုံညီလာခံ၏ လူမှုရေးကဏ္ဍအခြေခံမူ ၄ ချက်တွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုဘဝကိုမြှင့်တင်ရန် သဘောတူညီချက်ရရှိထားသည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ 

    ယင်းအပေါ်ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နည်းပညာဆိုင်ရာ အထောက်အကူ ပံ့ပိုးပေးနေသော ကရင်ပြည်နယ်အခြေစိုက် Research Institute for Society and Ecology ၏ တာဝန်ခံ နန်းမြသီတာက “တကယ်ပဲ ပြည်ထောင်စု သဘောတူစာချုပ်မှာ ပြဌာန်းလိုက်တဲ့ သဘောတူညီချက်တွေသည် 

    လွှတ်တော်ကဥပဒေပြဌာန်းတဲ့အထဲမှာ ပါဝင်မနေဘူးဆိုရင် ဒါတွေက ယုံကြည်မှုဘယ်လိုရှိရမှာလဲ” ဟူ၍ပြောသည်။ 

    နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ကျားမရေးရာတန်းတူညီမျှမှုညွှန်းကိန်းသည်လည်း အဓိကကျပြီး ၂၀၁၈ ခုနှစ်၌ နိုင်ငံပေါင်း ၁၉၈ ခုတွင် မြန်မာနိုင်ငံသည် ကျားမရေးရာတန်းတူညီမျှမှုတွင် အဆင့် ၁၄၈ သို့ ရောက်ရှိနေသည်။ 

    ထို့ကြောင့်ပင်လျှင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွင် အမျိုးသမီးများ၏ အသံပါဝင်လာအောင် လှုံ့ဆော်နေရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) မှ အကြံပေး ဒေါ်နန်းဖြူဖြူလင်းကပြောသည်။

    “အမျိုးသမီးတွေနဲ့မဆိုင်ဘူးလို့ ယောကျာ်းတွေကခံယူတယ် အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ်ခံယူတယ်။ အိမ်ထောင်တာဝန်တွေပိနေတာ။ ပြီးတော့ အမျိုးသမီးအချင်းချင်းလည်းအားပေးမှုနည်းတယ်။ အမျိုးသမီးခေါင်းဆောင် ပုံသက်သေကောင်းကလည်းရှားတယ်” ဟုဆက်ပြောသည်။ 

    ၁၉၈၉ နဲ့ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတကာရှိ ငြိမ်းချမ်းရေးသဘောတူစာချုပ် ၁၈၂ ခုကို ေ

    လ့လာချက်အရ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုပါဝင်လာပါက ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်များ၏ ၃၅% ခန့်သည် နောက်ထပ်နှစ်ပေါင်း ၁၅ နှစ် ကြာတည်တံ့ နိုင်သည်ဟုသိရသည်။ 

    သို့သော်လည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများပါဝင်နိုင်မှုကို အားပေးသော မူဝါဒ၊ ဘက်ဂျက်၊ စီမံကိန်း စနစ်တကျမရှိခြင်းက စိန်ခေါ်ချက်တစ်ရပ်ဖြစ်နေသည်။ 

    အစိုးရနှင့် အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (MNCW) ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အမျိုးသမီးများမှာ အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိရန်၊ အမျိုးသမီးများ ဥပဒေကိုနားလည်ပြီး ဗဟုသုတနှင့်ပြည့်စုံစေရန် စသောမူဝါဒများ ချမှတ်ထားသော်လည်း နိုင်ငံတော်ဘက်ဂျက်တွင် ထည့်သွင်းရေးဆွဲထားခြင်းမရှိသောကြောင့် လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲနေသည်ဟု ဒေါ်နန်းဖြူဖြူလင်းကဆိုသည်။ 

    ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ အသံတိတ်နေရသည်မှာ အောက်ခြေမှ အမျိုးသမီးများကိုယ်တိုင်ကစိတ်ဝင်စားမှုမရှိခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်နေသည်ဟု အမျိုးသမီးအရေးတက်ကြွလုပ်ရှားနေသူများကပြောသည်။

    “ကျွန်မတို့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်က စေ့ဆော်မှုမရှိဘဲနဲ့ အတင်းကြီးစိတ်ဝင်စားခိုင်းလို့မရဘူး။ လက်ရှိလုပ်ဆောင်နေတဲ့ နေ့တဓူဝတွေမှာ သူတို့နဲ့သက်ဆိုင်ပါတယ်ဆိုတဲ့ concept အသိ ကျွန်မတို့ ဒီဟာလေးကို မလုပ်ပေးနိုင်ဘူးဆိုရင် အမျိုးသမီးတွေပါလာမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်” ဟု RISE မှ နန်းမြသီတာကပြောသည်။

    ၎င်းအပြင် အရည်အချင်းတူလျှင် ပါဝင်ဆွေးနွေးခွင့်ရှိသည်ဟု လမ်းဖွင့်ထားသည်ဆိုသော်လည်း နှစ်ပေါင်းကြာရှည် စွဲကပ်လာသောယဉ်ကျေးမှု ဓလေ့ထုံးတမ်းများက အမျိုးသမီးများ၏ နိုင်ငံရေးစိတ်ဝင်စားမှု၊ ပါဝင်နိုင်မှုကို ရိုက်ချိုးထားသောကြောင့် အတွေ့အကြုံမရှိခဲ့သော အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပြန်လည်မြှင့်တင်ပေးဖို့ လိုအပ်နေပြီဟုဆိုသည်။  

    မိမိတို့ ရပ်ကွက်ကျေးရွာများတွင် ထက်မြတ်သည်ဟုဆိုသော ကရင်အမျိုးသမီးများပင်လျှင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်ရောက်ရာတွင် ဘာသာစကားအခက်အခဲ၊ နည်းပညာပိုင်းဆိုင်ရာ နားမလည်မှုတို့ကြောင့် ပါဝင်ဆွေးနွေးခြင်း မပြုနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း နန်းမြသီတာက သူမ၏အတွေ့အကြုံကိုပြောသည်။ 

    “နှစ်ပေါင်း ၇၀ ခြေထောက်ကို ရိုက်ချိုးထားပြီးတော့မှ အခုမှ အပြေးပြိုင်ကြရအောင်လို့ပြောရင် ဘယ်လိုလုပ်နိုင်မှာလဲပေါ့။ အဲဒီအတိုင်းပဲ ဒီအချိန်မှာမှ အမျိုးသမီးနဲ့အမျိုးသား တန်းတူအညီအမျှပေးထားပါတယ်ကွာ စားပွဲဝိုင်းမှာ လာဆွေးနွေးပါလို့ပြောရင် အမျိုးသမီးတွေ ဘယ်လိုထွက်လာမှာလဲ” ဟုဆိုသည်။ 

    ၂၁ ရာစုပင်လုံဆွေးနွေးပွဲစတင်ချိန်တွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ၁၇ ရာခိုင်နှုန်းနှင့် တတိယအကြိမ်တွင်၂၂ ရာခိုင်နှုန်းအထိတိုးတက်လာသော်လည်း  အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သော ကိုယ်စားလှယ်များ တိုးလာခြင်းမရှိချေ။  

    လက်ရှိတွင်တော့ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် အပြစ်မဲ့ပြည်သူများသည် စစ်ဘေးစစ်ဒဏ်ထဲ ပိတ်မိနေကြရာ နော်စိန်မုကဲ့သို့ မိမိတို့၏အသံကို ဖွင့်မပြောနိုင်သော အမျိုးသမီးများ အရေအတွက် အများအပြားရှိနေပါသည်။

    စစ်ကြောင့် အမျိုးသမီးများ၏ လုံခြုံရေး၊ လူမှုဘဝ ဆုံးရှုံးနစ်နာရမှုများသည် ၎င်းတို့ကိုသာမက ၎င်းတို့၏ သားသမီးမျိုးဆက်များကိုပါ သက်ရောက်နေသောကြောင့် ထိုပြဿနာများစွာကို အဖြေရှာနိုင်ရန် စစ်ပွဲအတွင်း ကိုယ်တိုင်ဖြတ်သန်းတွေ့ကြုံခဲ့သည့် အမျိုးသမီးများ၏အသံသည် နိုင်ငံရေးစကားဝိုင်းများတွင် ရောက်ရှိနိုင်ရေးသည် အရေးကြီးကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများကပြောသည်။ 

    “ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါကိုပါရမှာ ၅၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေက။ ဆွေးနွေးတဲ့ကဏ္ဍကိုပဲကြည့်ကြည့် လူမှုရေးပဲပြောပြော နိုင်ငံရေးပဲပြောပြော လုံခြုံရေးကဏ္ဍ ပဲပြောပြော မြေယာ သဘာဝသယံဇာတပဲပြောပြော အာလုံးဟာ ဆက်စပ်နေတယ် အမျိုးသမီးတွေနဲ့။ ဆိုတော့ တကယ်ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေမပါဘူးဆိုရင် သူတို့ကို ဘယ်သူကာကွယ်ပေးနိုင်မလဲ” ဟု RISE မှ နန်းမြသီတာကဆိုသည်။ 

    ခန္ဓာကိုယ်တည်ဆောက်ပုံအရလည်းကောင်း၊ ကလေးဝေယျာဝစ္စနှင့် အိမ်ထောင်တာဝန်များကြောင့် အမျိုးသမီးများ၏ နောက်ကွယ်ကလိုအပ်ချက်သည် အမျိုးသားများထက်ပိုမိုကြီးမားနေသည့်အတွက်  ထိုတာဝန်ကို မျှယူပေးနိုင်ရန် ပံ့ပိုးပေးနိုင်ရန် အဘက်ဘက်မှ ထည့်သွင်းစဉ်းစားရတော့မည်ဟု ထောက်ပြသည်။ 

    နှစ်ပေါင်း ၇၀ နီးပါး အသံတိတ်လာခဲ့သော လျစ်လျူရှုခံထားရသော အမျိုးသမီးများ၏ စကားသံသည်  မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် မည်မျှအရေးကြီးကြောင်း နန်းမြသီတာက ယခုလိုပြောသည်။

    “အိမ်တစ်အိမ်မှာ အမျိုးသမီးမရှိဘဲ အဆင်ပြေမလား။ အမျိုးသမီးမရှိလို့ အဆင်မပြေဘူးဆိုရင် ဒီနိုင်ငံရဲ့တည်ဆောက်မှုဖြစ်စဉ်မှာ အမျိုးသမီးမပါဘဲနဲ့ အဆင်ပြေမလားပေါ့။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့နိုင်ငံရေးသဘောတူညီချက်ရထားတဲ့အပေါ်မှာ အဲဒီအိမ်ကို ကျွန်မတို့တည်ဆောက်မယ်ဆိုရင် လိုအပ်နေတဲ့ ကဏ္ဍပေါင်းစုံမှာ အမျိုးသမီးပါဝင်ရမယ့် အခန်းကဏ္ဍ အမျိုးသားပါဝင်ရမယ့်အခန်းကဏ္ဍ ဟန်ချက်ညီမှ ကျွန်မတို့ဒီအိမ်ကြီးဟာ ရှေ့ဆက်ပြီးတော့ ဟန်ချက်ညီညီသွားနိုင်မယ်လို့မြင်တယ်” ဟုပြောသည်။ 

    လက်ရှိတွင်မူ စစ်ဘေးရှောင်စခန်းများက အမျိုးသမီးများအပါအဝင် လက်နက်ကိုင်ပဋိပက္ခ၏ သက်ရောက်မှုကို ခံစားနေရသော နော်စိန်မုကဲ့သို့ အောက်ခြေအဆင့် အမျိုးသမီးများ၏အသံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ မပါဝင်ဘဲ တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။

    “ခေါင်းဆောင်ပိုင်းတွေကို ပြောချင်တာက ငြိမ်းချမ်းရေးကို မြန်မြန်လိုချင်တယ် မြန်မြန်ရမှပဲ ကျွန်မတို့သက်တမ်းအတွင်း ငြိမ်းချမ်းရေးကို မီနိုင်မယ်ထင်တယ်။ ကျွန်မတို့သေသွားတာတောင် ငြိမ်းချမ်းရေးမရတော့မှာကိုလည်း တွေးပူနေမိတယ်” ဟု နော်စိန်မုက ပြောသည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts