Homeငြိမ်းချမ်းရေးတစ်ဆို့နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တိုးတက်ရေး ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ

တစ်ဆို့နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တိုးတက်ရေး ချင်းမိုင်မြို့တွင် အစည်းအဝေးကျင်းပ

-

မွန်သတင်းအေဂျင်စီ(သြဂုတ် ၂၂)

တစ်ဆို့နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တိုးတက်ရေးအတွက် တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ ၂၁ မှ၂၄ အထိ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ဆို့မှု ကျော်လွှားရေး၊ အစိုးရအဆိုပြုသည့် ရှေ့ဆက်နိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နည်းလမ်း ၄ ရပ်၊ ၂၁ ရာစုပင်လုံ(စတုတ္ထအစည်းအဝေး) ယခုနှစ်အတွင်းကျင်းပနိုင်ခြင်းရှိမရှိ၊ PPST စုဖွဲ့မှုကိစ္စများ ဆွေးနွေးမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

“ဒီအစည်းအဝေးဟာ ကျနော်တို့ EAO များအတွက်ရော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ အလွန်အရေးပါတဲ့ အစည်းအဝေးဖြစ်ပါတယ်၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေးအတွက် ဘာရလဒ်ကောင်းတွေရလာမလဲဆိုတာကို နားစွင့်နေကြတယ်၊ အားလုံးအတွက် ကောင်းမွန်တဲ့ရလဒ်ရရှိနိုင်လိမ့်မယ်လို့ အဖက်ဖက်ကမျှော်လင့်နေကြပါတယ်” ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် EAOs ၁၀ ဖွဲ့ခေါင်းဆောင်များ နေပြည်တော်တွင် ဆွေးနွေးနိုင်ရန်နှင့် နှစ်ဖက်အလုပ်အဖွဲ့များ ဆက်ဆွေးနွေးနိုင်ရန် အစိုးရငြိမ်းချမ်းရေးကော်မရှင်မှ NCA လက်မှတ်ထိုးအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ကို သြဂုတ်လ ၁၉ ရက်နေ့က ချင်းမိုင်မြို့၌ တွေ့ဆုံ၍အဆိုပြုခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ပြီးခဲ့တဲ့ညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ပြီးကတည်းက တရားဝင်ဆွေးနွေးပွဲတွေ ကျနော်တို့ပြန်မစနိုင်ခဲ့ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲပါဝင်ခြင်းကနေ ယာယီရပ်ဆိုင်းထားတယ်၊ RCSS က JMC ပါဝင်မှုကနေရပ်ဆိုင်းထားတယ်၊ အခုနောက်ဆုံး RCSS ကတော့ ဒီလမ်းကြောင်းသူတို့ပြန်စပြီလို့ Statement ထုတ်တယ်၊ KNU ပိုင်းမှာတော့ ကျန်သေးတယ်၊ ဒီအပေါ်မှာ မကြေလည်တဲ့ဟာတွေ သူတို့စိုးရိမ်တဲ့ဟာတွေကို အစိုးရကပြန်စုပြီးတော့ အချက် ၄ ချက်ကို ကျနော်တို့အဆိုပြုခဲ့တယ်” ဟု ပြောသည်။

အဆိုပြုချက် ၄ ချက်တွင် (၁) NCA အကောင်အထည်ဖော်မှုအပိုင်း (၂) ငြိမ်းချမ်းရေးအတွက် ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန်ဆောင်ရွက်ကြမည့်အပိုင်း (၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများ (၄) ကြားကာလအစီအစဉ်များ ပါရှိသည်ဟု ၄င်းကဆိုသည်။

အစိုးရအနေဖြင့် ယခုနှစ်ကုန်ပိုင်း(သို့မဟုတ်) လာမည့် ဇန်နဝါရီလအတွင်း စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပရန်လျာထားပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အလားတူ NCA လက်မှတ်မထိုးရသေးသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့်လည်း ကျိုင်းတုံမြို၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်လက်ထက်မှစတင်၍ မြန်မာနိုင်ငံအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့သည်မှာ ၈ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ ခန့်ရှိသည့်အနက် ၁၀ ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Photo- ချင်းမိုင်မြို့ PPST အစည်းအဝေး(NCA-S EAO)


ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts