ရူပါဗလွဲ (မော်လမြိုင်၊ မေ-၁၄)။
မွန်ပြည်နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၅၀၀၀ ခန့် ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်ဘဏ်ခွဲ) မှ သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၆ ရက်နေ့မှ သြဂုတ်လကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) မူရင်းကို စိုက်ပျိုးစရိတ်ချေးငွေမကြေမခြင်း ဘဏ်မှာ အပ်နှံထားရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ) မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။
“စိုက်ချိန်ပျိုးချိန်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လာပေးတဲ့အတွက် တောင်သူတွေအပြင်ကနေ ချေးငွေမယူရတဲ့အတွက် သက်သာသွားတဲ့ပေါ့နော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း မြန်မာနိုင်ငံမှာ ဒီလိုအတိုးနှုန်းနဲ့ချေးပေးတော့ တောင်သူတွေက ဒီချေးငွေတွေကို ကောင်းကောင်းမွန်မွန်နဲ့အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့လယ်ယာလုပ်ငန်းခွင်မှာ အများကြီးထိရောက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။
လယ်မြေတစ်ဧကကို ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားစိုက်ပျိုးသီးနှံအတွက် တစ်ဧကကို ငွေကျပ် ၁ သိန်းနှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ ငွေကျပ် ၁၀၀ ကို တစ်လအတွက် အတိုး ၆၇ ပြားပေးသွင်းရမည်ဖြစ်ပြီး သီးနှံစပါးပေါ်ချိန်ပြန်ဆပ်သည့်အခါ တိုးရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
သို့ရာတွင် စိုက်ပျိုးလယ်တစ်ဧကကို ငွေကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခြင်းသည် စိုက်ပျိုးစရိတ်ချေးငွေအတွက် လုံလောက်မှုမရှိကြောင်း လယ် ၁၆ ဧက ပိုင်ရှင် ဦးရာဂျားက ပြောသည်။
“မော်လမြိုင်မြို့နယ်က လယ်မြေသားနဲ့ ပေါင်မြို့နယ်က လယ်မြေသားနဲ့ မတူဘူး။ မော်လမြိုင်မှာက ကုန်းမြေဖြစ်နေတော့ လုပ်ရတာစရိတ်များတယ်။ တစ်ဧကကို အနည်းဆုံး ၂ သိန်း ၃ သိန်းဝန်းကျင်လောက်မှ စိတ်တိုင်းကျဖြစ်မယ်”ဟု ဦးရာဂျားက ဆိုသည်။
မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးလယ်ဧက ၇ သိန်းရှိသည့်အနက် လယ်ဧက ၄ သိန်းခန့်က စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခဲ့ကြောင်း၊ ပြီးခဲ့သည့် မိုးရာသီစိုက်ပျိုးရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၂၀၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ) ထံမှ သိရသည်။

Photo- လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ (Copy)