spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးပါဝင်မှုနှုန်း မူဝါဒချမှတ်ထားခြင်းမရှိသေး

    မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးပါဝင်မှုနှုန်း မူဝါဒချမှတ်ထားခြင်းမရှိသေး

    -

    ဝံသမွန်(မော်လမြိုင်၊ ဖေဖော်-၅)

    မွန်ပါတီများပေါင်းစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသော မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးများပါဝင်မှုရာခိုင်နှုန်း မည်မျှသတ်မှတ်မည်ကို ပါတီမူဝါဒတွင် ချမှတ်ထားခြင်းမရှိသေးကြောင်း ပါတီတွဲဖက် အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အမျိုးသား၊ အမျိုးသမီးအတွက်ဆိုပြီး ထူးခြားတဲ့အခွင့်အရေး ပေးဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးရောအမျိုးသားပါ ဘယ်အတိုင်းအတာအထိ ပါဝင်နိုင်သလဲ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဘယ်အထိပါဝင်နိုင်သလဲ၊ ဘယ်လောက်အထိ အနစ်နာခံနိုင်သလဲ၊ အဲဒီအပေါ်မူတည်ပြီး ခေါင်းဆောင်နေရာကို ပေးလို့ရမယ်” ဟု နိုင်လယိတမက ဆိုသည်။

    မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်ကိုယ်စားပြုပါတီ တည်ထောင်လိုသူများနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီတွင် လက်ရှိဗဟိုကော်မတီဝင် စုစုပေါင်း ၁၃၈ ဦးအနက် အမျိုးသမီး ၁၇ ဦးသာ ပါဝင်သေးသည်ဟု သိရသည်။

    မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် မိလွီဟန်က “နိုင်ငံရေးပါတီမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ဘယ်လောက်အထိ ချနိုင်သလဲဆိုတာပါပဲ၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိဖို့ အမျိုးသမီး ရာခိုင်နှုန်းဘယ်လောက်အထိ ပါဝင်ရမလဲဆိုတာကို ပြောလို့မရဘူး၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်းရှိဖို့ပဲ လိုတယ်” ဟု ဆိုသည်။

    လက်ရှိမွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာနှုန်းအထိမရှိသေးသော်လည်း အားရကျေနပ်မှုရှိကြောင်း၊ မူဝါဒများရေးဆွဲရာတွင် အမျိုးသမီးများများ ပါဝင်လာနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်အမျိုးသမီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင် မိအိန်ပကောင်းက ပြောသည်။

    “နိုင်ငံရေးပါတီမှာ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရအောင် တောင်းဆိုနေ ပေမယ့်လည်း အခုလောလောဆယ်တော့ အစ်မတို့တောင်းသလောက် မရသေးဘူးပေါ့နော်၊ ဒါပေမယ့် ဗဟိုကော်မတီတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာတွေ့ရတယ်၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်လာတာကို တွေ့ရတော့ အစ်မတို့တောင်းဆိုနေတဲ့ အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်း အပြည့်အဝ မရသေးပေမယ့်လည်း အားရကျေနပ်မှုတော့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

    အဆိုပါ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ပေါင်းစည်း၍ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက “မွန်ပါတီ” အမည်ဖြင့် မှတ်ပုံတင်လျှောက်ထားခဲ့သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်မပြုသဖြင့် မွန်ညီညွတ်ရေးပါတီ Mon Unity Party- MUP အမည်ဖြင့် တဖန် ပြန်လည်မှတ်ပုံတင်ထားဆဲ ဖြစ်သည်။


    Photo- မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts