Homeသတင်းယနေ့လူငယ်များ ပစ္စုပ္ပန်ကာလတွင်လည်း ခေါင်းဆောင်ဖြစ်နိုင်သည်ဟု မွန်လူငယ်ခေါင်းဆောင်ပြော

ယနေ့လူငယ်များ ပစ္စုပ္ပန်ကာလတွင်လည်း ခေါင်းဆောင်ဖြစ်နိုင်သည်ဟု မွန်လူငယ်ခေါင်းဆောင်ပြော

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၉)

ယနေ့လူငယ်များ ယနေ့တာဝန်ထမ်းဆောင်ကြပါက ပစ္စုပ္ပန်အချိန်ကာလတွင်လည်း ခေါင်းဆောင်ဖြစ်နိုင်သည်ဟု သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား၌ မွန်လူငယ်ခေါင်းဆောင် မင်းဇာနည်ဦးက ပြောခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်သော မွန်လူငယ်များနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၌ကျင်းပစဉ် ကရင်ပြည်နယ်အစိုးရဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ မွန်နိုင်ငံရေးအင်အားစုများ၊ မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ကရင်နှင့် ပအိုဝ်းလူငယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မွန်လူငယ်များဆုံရပ် Mon Youth Forum-MYF မင်းဇာနည်ဦးက “အနာဂတ်ကာလကိုရောက်တော့မှ မဟုတ်ပါဘူး၊ ပစ္စုပ္ပန်မှာလည်း လူငယ်တွေခေါင်းဆောင်ဖြစ်နိုင်ပါတယ်၊ ဒီနှစ်မွန်လူငယ်များနေ့ ကြွေးကြော်သံကို အထိမ်းအမှတ်အနေနဲ့ထုတ်ဝေတဲ့ အင်္ကျီနောက်ကျောမှာလည်း စာတမ်းရိုက်နှိပ်ထားတယ်၊ ယနေ့လူငယ် ယနေ့တာဝန် ယနေ့ခေါင်းဆောင်လို့ မွန်လိုရေးထားတယ်” ဟု ဆိုသည်။

Photo-သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား(MNA)

ယနေ့လူငယ်များအနေဖြင့် ယနေ့အချိန်အခါတွင် တာဝန်များကိုထမ်းဆောင်ရင်း ခေါင်းဆောင်နေရာကိုလည်း ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အတူ မွန်ပြည်သစ်ပါတီ(ဗဟို) နိုင်ငံရေးဌာန ဒုတာဝန်ခံ နိုင်အောင်မငေးက “အနာဂတ် နိုင်ငံရေးနဲ့ ကဏ္ဍအသီးသီးတွေမှာဦးဆောင်သွားဖို့ဆိုတာ လက်ရှိလူငယ်တွေရဲ့ တာဝန်ပါပဲ၊ အနာဂတ်ကို ဦးဆောင်နိုင်ဖို့ဆိုတာ လူငယ်တွေမှာ ဗလ ၅ တန်ပြည့်စုံဖို့ အထူးလိုအပ်ပါတယ်” ဟု ဆိုသည်။

ကာယဗလ ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလနှင့် စာရိတ္တဗလ စသည့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု၊ ဉာဏ်ရည်ထက်မြက်မှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ စီးပွားရေးကောင်းမွန်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယင်းအခမ်းအနားကို နံနက်စောပိုင်းတွင် စတင်ကျင်းပရာ လူငယ်ဘင်ခရာစစ်ကြောင်းများ ချီတက်နေရာယူခြင်း၊ အလံတင်အခမ်းအနားဖြင့် မွန်အမျိုးသားအလံအလေးပြုခြင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပေးပို့သောသဝဏ်လွှာနှင့် မွန်ပြည်သစ်ပါတီတို့၏ သဝဏ်လွှာဖတ်ကြားခြင်း၊ မွန်လူငယ်များနေ့ဖြစ်ပေါ်လာပုံနှင့် ကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လွတ်လပ်ရေးအကြိုခေတ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့ ကျိုက်သုတ်ဘုရား ရင်ပြင်တော်ပေါ်၌ ပထမအကြိမ် မွန်လူငယ်ညီလာခံကျင်းပခဲ့သည်ကို မွန်လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် မွန်လူငယ်များနေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် မြို့နယ်တစ်ခုချင်းစီအလိုက် နှစ်စဉ်နေရာပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts