လက်ရှိဖြစ်ပေါ်လျက်ရှိသော ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်သည့်အခါ ယခင်နှစ်များထက် ပို၍မြန်ဆန်အကျိုးရှိမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သြဂုတ်လ(၃) ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ စသည်ဖြင့် အခြားဘတ်ဂျက်ရတဲ့ နည်းလမ်းတွေကနေ ကျွန်တော်တို့ စုပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးလုပ်သွားမယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက်စာရင် ပြည်လည်ထူထောင်ရေးမှာ ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ် အကျိုးရှိမယ်”ဟု ပြောသည်။
လတ်တလောရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် မွန်ပြည်နယ် သထုံမြို့နယ်သို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရောက်ရှိလာရာ စျေးမသွယ်အထက်ကျေးရွာ ရေဘေးရှောင်ပြည်သူများကို လိုအပ်သည့်ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးနောက် သတင်းမီဒီယာများတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်ရေလွှမ်းမိုးမှုများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နောက်ကျသည့်အတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့သဖြင့် ယခုနှစ်ပြန်လည်ထူထောင်ရေးကို ထပ်ကြပ်မကွာလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရေနစ်ခဲ့သည့် မိုးစပါးစိုက်လယ်မြေများ ယခုအခါပြန်လည်စိုက်ပျိုးရန် အချိန်မီသေးကြောင်း၊ လယ်သမားများ ဆုံးရှုံးမှုမရှိလျင် နိုင်ငံတော်လည်း ဆုံးရှုံးမည်မဟုတ်တော့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။
သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “အခုဆိုရင် တစ်ပေခွဲ နှစ်ပေခွဲ သုံးပေးလောက်ရေကျသွားပြီ၊ အချို့လှေနဲ့ဘဲသွားလို့ရတဲ့ရွာတွေက ကားတွေ ဆိုင်ကယ်တွေနဲ့ သွားလာနိုင်ပြီဆိုတော့ အခြေအနေကောင်းလာတာပေါ့၊ ရေပြန်ကျသွားလို့ရင် ကျမတို့အနေနဲ့ ပထမဆုံးလုပ်ရမယ့် လုပ်ငန်းစဉ်ကတော့ ကယ်ဆယ်ရေးစခန်းမှာနေတဲ့သူတွေ သူတို့အိမ်တို့ ပြန်နေကြမှာပေါ့၊ ပထမဆုံးလုပ်ရမှာက ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရမယ်”ဟု ပြောသည်။
ထို့ပြင် ၀မ်းလျောရောဂါမဖြစ်ပွားစေရေးအတွက် သန့်ရှင်းသည့် သောက်သုံးရေများ ရရှိစေရန်နှင့် အညစ်အကြေးစွန့်သည့် ယင်လုံအိမ်သာများ ဖြစ်လာစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေကို ပြန်လည်အသစ်ဖြစ်အောင်လို့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ရမယ်၊ အိမ်သာတွေ ပြန်ဆောက်ပေးရမှာပေါ့၊ လိုအပ်တာတွေကိုတော့ ပြည်နယ်အစိုးရက ထောက်ပံ့ပေးပေးမယ်လို့ ကတိပေးထားတာ ရှိတယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
ရေလွှမ်းမိုးမှုဒဏ်တစ်ပတ်ခန့်ခံခဲ့ရသော ဘီးလင်းမြို့နယ်၌ ရေများကျဆင်းသွားပြီးနောက် ယခုရက်ပိုင်းအတွင်း သထုံမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ နီးပါးခန့် လူဦးရေတစ်သောင်းခွဲကျော် ရေဘေးသင့်ခဲ့ကြောင်း တွေ့ရှိရသည်။