Homeသတင်းနိုင်ငံရေးပါတီအစုအဖွဲ့ စုံညီအစည်းအဝေး မြိတ်မြို့တွင်ကျင်းပမည်

နိုင်ငံရေးပါတီအစုအဖွဲ့ စုံညီအစည်းအဝေး မြိတ်မြို့တွင်ကျင်းပမည်

-

UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ( Minn Wunna Gyi)

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံအတွက် ရွေးကောက်ပွဲအနိုင်ရ ၂၃ ပါတီ၏ နိုင်ငံရေးပါတီအစုအဖွဲ့ စုံညီအစည်းအဝေးကို တနင်္သာရီတိုင်း မြိတ်မြို့၌ ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မွန်အမျိုးသားပါတီ MNP ကိုယ်စားလှယ် မင်းဇေယျာဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ ၂၃ ပါတီအနေနဲ့ ကဏ္ဍအလိုက် Workshop တွေ စီးပွားရေး၊ လူမှုရေး ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲတွေ ရှိခဲ့တယ်၊ စုံညီအစည်းအဝေးမလုပ်ဖြစ်တာ ကြာပြီ၊ ပင်လုံညီလာခံကျင်းပဖို့ကလည်း နီးကပ်လာပြီဆိုတော့ တချို့ညှိနှိုင်းစရာတွေ ရှိပါတယ်၊ မြိတ်မှာ ၂ ရက်လောက် လုပ်ဖို့ရှိတယ်” ဟု မင်းဇေယျာဦးက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ရန်ကုန်မြို့၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်း ၄င်းက ပြောသည်။

“နိုင်ငံရေးပါတီအစုအဖွဲ့မှာ တစ်သံတည်းထွက်ဖို့ဆိုတာ ကျနော်တို့မဲခွဲတဲ့ ပုံစံလုပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီတစ်ခုနဲ့တစ်ခု ရပ်တည်ချက်မတူဘူးလေ၊ သို့သော် ဒီမိုကရေစီကျင့်စဉ်အရ အများဆန္ဒယူရမှာဖြစ်သလို ကိုယ့်ဆန္ဒလည်းပါဝင်လို့ရအောင်ဆိုပြီးတော့လည်း စဉ်းစားရပါတယ်၊ တချို့တစ်ဆို့မှုဖြစ်စေတဲ့ဟာတွေကိုတော့ ညှိနှိုင်းမှုတွေ လုပ်ရတာပေါ့” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

အလားတူ ရန်ကုန်မြို့တွင် ဇွန်လ ၇ ရက်နေ့က NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ သီးသန့်တွေ့ဆုံကြပြီး တတိယအကြိမ်ပင်လုံညီလာခံ၌ ဆွေးနွေးမည့်ကိစ္စရပ်များ ညှိနှိုင်းခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဆိုသည်။

“UPDJC မှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ပွဲပေါ့။ ဇွန် ၃၀ ကို Target ထားပြီးတော့ ပြင်ဆင်မှုလုပ်တယ်။ တတိယ ပင်လုံအတွက် ညှိနေတာပဲ ။ နောက်ပြီးတော့ ဒီတခါတော့ ဆွေးနွေးလို့လွယ်တဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ Peace Process Steering Team-PPST အထူးအစည်းအဝေးကျင်းပမည်ဖြစ်ရာ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပဖြစ်မဖြစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်းတိုင်းရင်းသားခေါင်းဆောင်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts