Homeသတင်းတတိယပင်လုံပြီးမှ ခွဲမထွက်ရေးအချက်ကို ဆက်လက်ဆွေးနွေးမည်

တတိယပင်လုံပြီးမှ ခွဲမထွက်ရေးအချက်ကို ဆက်လက်ဆွေးနွေးမည်

-

၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲ(Internews)

တပ်မတော်နှင့် NCA လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ညှိနှိုင်းမရဖြစ်နေသည့် ခွဲမထွက်ရေးအချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပပြီးမှသာ ဆက်လက်ဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

“ဒီခွဲမထွက်ရ ကိစ္စမျိုးကို တတိယပင်လုံမတိုင်ခင်ဆွေးနွေးရင် ပြီးပြတ်ဖို့မရှိနိုင်တဲ့အတွက် တတိယပင်လုံပြီးပြတ်တဲ့နောက်ပိုင်းမှာ ဆက်ဆွေးနွေးမယ်ဆိုပြီးတော့ သဘောထားစုစည်းရတာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

နိုင်ငံသားကိစ္စ၊ ဖက်ဒရယ်ဥပဒေအခြေခံ ခုံရုံး၊ တိုင်းရင်းသားများအခွင့်အရေးများစသည့် အလွယ်တကူဆွေးနွေးနိုင်မည့် ခေါင်းစဉ်များကို ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

၄င်းက “ကျနော်တို့ရဲ့သဘောထားကတော့ ခွဲထွက်လိုက ခွဲထွက်ခွင့်မူကိုတော့ ပယ်လိုက်ပြီ၊ ကျန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သက်တဲ့အချက်တွေ ပြည်ထောင်စုစစ်စစ်ဖြစ်ရမယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်ရမယ် ဆိုတဲ့အချက်တွေ ကျနော်တို့ပြည့်ပြည့်ဝဝလိုချင်တာ ဖြစ်တယ်” ဟု ဆက်ပြောသည်။

အလားတူ NCA လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသော်လည်းကောင်း၊ မထိုးရသေးသည့်အဖွဲ့ အားလုံးနီးပါးသော်လည်းကောင်း ၂၀၀၅ ခုနှစ်ကတည်းက ခွဲထွက်ခွင့်ကို မတောင်းဆိုရန် မူဝါဒချမှတ်ထားကြောင်း ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းထံမှ သိရသည်။

“နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” ဆိုသည့်အချက်နှင့်ပတ်သက်၍ တပ်မတော်ကတဖက်၊ တိုင်းရင်းသားတို့ကတဖက် ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ(ဒုတိယ အစည်းအဝေး)၏ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် အချီအတင်ဆွေးနွေးခဲ့ပြီး ပြေလည်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ “ခွဲမထွက်ရ” ဆိုသည့်အချက်ကို ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းပြည်နယ်)၊ ဒေသအလိုက်အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (တနင်္သာရီ)၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပဲခူး) တို့မှ တင်သွင်းလာခြင်းဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။

၂၁ ရာစုပင်လုံ(တတိယ အစည်းအဝေး) ကို ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ၅ ရက်တိတိကျင်းပနိုင်ရန် အကြမ်းဖျဉ်းလျာထားပြီး မကြာမီကျင်းပမည့် UPDJC အစည်းအဝေးတွင် အတည်ပြုပြီးမှသာ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts