Wednesday, May 6, 2026
More
    spot_img
    Homeသတင်းစည်ပင်သာယာမြေငှားရမ်းခများ ပြန်လည်စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး

    စည်ပင်သာယာမြေငှားရမ်းခများ ပြန်လည်စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်(မွန်လွှတ်တော်)

    မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန၏ မြေငှားစာချုပ်မရှိသော မြေငှားရမ်းခများအား ပြန်လည်စိစစ်သင့်ကြောင်း ဇွန်လ ၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးပဥစမမြောက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

    မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ဝန်ကြီးဌာနများ၏ထူးခြားသော စစ်ဆေးတွေ့ရှိချက်များ အစီရင်ခံစာအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    မော်လမြိုင်မြို့ လှိုင်အဝေးပြေးကားဝင်းရှိ ဆိုင်ခန်း ၁၀၆ ခန်းအား တစ်ခန်းတစ်လလျှင် ကျပ် ၂၀၀၀ နှုန်း၊ ပြည်နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အခန်း (၁) ခန်းကို ကျပ် ၄၀၀၀ နှုန်းနှင့် တည်းခိုခန်း (၁) ခန်းကို ကျပ် ၅၀၀၀ နှုန်းသာ ကောက်ခံနေသည့်အပေါ် ခေတ်ကာလနှင့် လျှော်ညီခြင်းမရှိသည့်အတွက် လာမည့်ဘဏ္ဍာနှစ်အမှီ ပြင်ဆင်ပြောင်းလဲသင့်ကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ထောက်ပြခဲ့သည်။

    ဦးဇော်ဇော်ထူးက “လက်ရှိ ဆိုင်ခန်းငှားခ သိန်းနဲ့ ချီပြီးပေးနေတယ်။ ဒီဆိုင်ခန်းတွေကို မြေငှားရမ်းခ ကျပ် ၂၀၀၀ ဆိုတာ ဘယ်လိုမှမဖြစ်သင့်တဲ့ စျေးနှုန်းဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်” ဟု ပြောသည်။
    ထို့အပြင် သံလွင်ဥယျာဉ်ရှိ New Sky စားသောက်ဆိုင်မြေငှားရမ်းခ တစ်လငွေကျပ် ၅ သိန်းသည်လည်း မဖြစ်သင့်သည့်ကိစ္စဖြစ်သည့်အတွက် စာချုပ် ပြန်လည်ချုပ်ဆိုခြင်း သို့မဟုတ် ရှင်းလင်းဖယ်ရှားခြင်းများ လုပ်ဆောင်သင့်ကြောင်း ဦးဇော်ဇော်ထူးက အကြံပြုဆွေးနွေးခဲ့သည်။

    မော်လမြိုင်မြို့ စည်ပင်သာယာရေးကော်မတီပိုင် လှိုင်အဝေးပြေးကားဝင်းဆိုင်ခန်းများနှင့် ပတ်သက်၍ ငှားရမ်းစာချုပ်များ ချုပ်ဆိုထားမှု မရှိခြင်းသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ဆောင်နေသည့် ပြည်နယ်အစိုးရ၏ အဓိကရည်ရွယ်ချက်နှင့် သွေဖီနေသည်ကို တွေ့ရှိနေရကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

    ထို့အပြင် မော်လမြိုင်မြို့ အမှတ်(၁) ပြည်သူ့စျေးရှိ ဧရာဟင်္သာကုမ္ပဏီ၏ မှတ်ပုံတင်ခများပေးသွင်းပြီး ဆိုင်ခန်း ငှားရမ်းခများ ပေးသွင်းခြင်း မရှိသေးသည့် ဆိုင်ခန်း ၇၃ ခန်းကိုလည်း စာချုပ်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် စာချုပ်ကို ပယ်ဖျက်သင့်ပြီး ကတ်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရသို့ ပေးပို့သင့်ကြောင်း ဦးအောင်ကျော်သူက အကြံပြုဆွေးနွေးခဲ့သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က “ကန်ထရိုက်စနစ်ပေးထားတာတွေဆိုတော့ စာချုပ်တွေကို ပြန်စစ်ရပါမယ်။ အခွန်အခကောက်ဥပဒေအရ ဘယ်လိုအခွန်အခကောက်ဥပဒေနဲ ့အညီကောက်ခံသွားရမလဲဆိုတာကိုတော့ စာချုပ်တွေကို ပြန်စစ်ပြီးမှ သိရပါမယ်။ စည်ပင်အနေနဲ ့က မြေတွေငှားရမ်းထားပြီး စာချုပ်တွေဘာ့ကြောင့် မချုုပ်ထားသလဲဆိုတာကိုတော့ အားလုံးပြန်စစ်သွားပါမယ်။ ကျွန်တော်တို့အနေနဲ့လည်း ပြန်လည်စစ်ဆေးပြီးသွားရင် လွှတ်တော်ကိုပြန်အစီအရင်ခံရပါဦးမယ်”ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာသမားများအား ပြောသည်။

    ပြည်နယ် စာရင်းစစ်ချုပ်၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း နှင့် ဝန်ကြီးဌာနများ၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များအကြံပြုဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် မှတ်တမ်းတင် အတည်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks