Homeသတင်းNCA သည် မိမိတို့ပန်းတိုင်မဟုတ်ဟု မွန်ပြည်သစ်ပါတီပြော

NCA သည် မိမိတို့ပန်းတိုင်မဟုတ်ဟု မွန်ပြည်သစ်ပါတီပြော

-

NCA သည် နိုင်ငံရေးဆွေးနွေးသည့်နည်းလမ်းတစ်ခုသာဖြစ်ပြီး မိမိတို့ NMSP ပါတီ၏ရည်မှန်းချက်ပန်းတိုင် မဟုတ်ကြောင်း ဧပြီလ ၉ ရက်နေ့က စတင်ကျင်းပသောNCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ သဘာပတိအဖြစ်ဆောင်ရွက်သည့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

နိုင်ထောမွန်က “ NCA ဟာ ကျနော်တို့မွန်ပြည်သစ်ပါတီရဲ့ ပန်းတိုင်မဟုတ်ပါဘူး၊ နိုင်ငံရေးဆွေးနွေးဖို့ လမ်းကြောင်းတစ်ခုပါပဲ“ ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် မိန့်ခွန်ပြောကြားစဉ်(MNA)
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည့် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ ညီစားစခန်း၌ကျင်းပသည့် NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီ NMSP ၊ မွန်အမျိုးသားပါတီ MNP ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း CSO၊ ဘိတ်ကြားသင့်သူများ၊ ထိုင်းမွန်များနှင့် နည်းပညာအထောက်အကူပြုများ စုစုပေါင်း ၂၀ဝ ဦးခန့် တက်ရောက်ကြောင်း တွေ့ရှိရသည်။

“နိုင်ငံရေးဆွေးနွေးဖို့ဆိုပြီး NCA လက်မှတ်မထိုးခင်မှာ အစိုးရနဲ့တွေ့ဆုံ စကားပြောကြဆိုကြတာ အတော်လေးအဆင်ပြေသလိုလိုပါပဲ၊ ဒါပေမယ့် လက်မှတ်ထိုးပြီးကာမှ မမျှော်လင့်တဲ့တစ်ဆို့မှုတွေနဲ့ ကြုံလာရတယ်။ JMC-S ကိစ္စညှိနှိုင်းလို့ မရသေးဘူး၊ ဇီးနှစ်ပင်နဲ့ ဘုရားတောင်ဂိတ်နေရာကို တပ်မတော်ဘက်က ပြန်မအပ်သေးဘူး၊ ကရင်ပြည်နယ်ထဲမှာ ကျင်းပမယ့် မွန်လူထုရှင်းလင်းပွဲတွေကိုလည်း လူဦးရေကန့်သတ်ထားတယ်” ဟု နိုင်ထောမွန်က ပြောသည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ အခြေစိုက်လျက်ရှိသော ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဖွဲ့စည်းရန် သဘောတူညီချက်မရရှိသေးခြင်း၊ ယမန်နှစ်ဦးတွင် တပ်မတော်မှဝင်ရောက်နေရာယူခဲ့သည့် သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမပေါ်ရှိ ဇီးနှစ်ပင်နှင့် ဘုရားတောင်ဂိတ်စခန်းတို့ကို မွန်ပြည်သစ်ထံ ပြန်လည်မအပ်နှံခြင်း၊ ကရင်ပြည်နယ်အတွင်းကျင်းပရန် စီစဉ်ထားသည့် NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲများကိုလည်း တစ်ကြိမ်လျင် လူဦးရေ ၄၀ ထက်မပိုရန် ကန့်သတ်ထားခြင်းတို့ ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်တို့ဟာ NCA လမ်းကြောင်းကို လက်ခံတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အခက်အခဲတွေ ဘယ်လိုပဲရှိနေပါစေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့အတူ တစ်ခုတည်းသောဖက်ဒရယ်မူဖြစ်အောင် ကြိုးပမ်းသွားမယ်။ UNFC အဖွဲ့တွေ၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့အတူ ဖက်ဒရယ်နိုင်ငံ အစစ်အမှန်ဖြစ်အောင်ကြိုးပမ်းသွားမယ်” ဟု နိုင်ထောမွန်က ဆိုသည်။

လက်ရှိိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ ခန့်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၊ NCA လက်မှတ်ရေးထိုးပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် NCA လမ်းကြောင်း လက်မခံသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ ၃ ဖွဲ့ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ၏ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲများကို သင်္ကြန်ရက်အလွန်တွင် ဝယ်ဇင်စခန်း၌ ဆက်လက်ပြုလုပ်သွားရန်နှင့် ရေးမြို့၌ လာမည့်မေလပထမပတ်အတွင်း မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် လျာထားကြောင်း ဆွေးနွေးချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts