Homeသတင်းမွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားစခန်း၌ ဧပြီ ၉ ရက်နေ့တွင် စတင်ကျင်းပမည်

မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ညီစားစခန်း၌ ဧပြီ ၉ ရက်နေ့တွင် စတင်ကျင်းပမည်

-

မွန်ပြည်သစ်ပါတီ၏ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ လူထုတွေ့ဆုံပွဲတစ်ရပ်ကို မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဗဟိုဌာနအခြေစိုက်ရာ ညီစားစခန်း၌ လာမည့် ဧပြီလ ၉ ရက်မှစတင်၍ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘိတ်ကြားစာအရ သိရသည်။

မွန်ပြည်သစ်လူထုတွေ့ဆုံပွဲ ဘိတ်ကြားစာ(Copy)

“လူထုတွေ့ဆုံပွဲကို မွန်အမျိုးသားပညာရေးဗဟိုဌာန အခြေစိုက်ရာ ရေးချောင်းဖျားဒေသ ညီစားစခန်းတွင် 9-10-11/4/ 2018 ၃ ရက်ကြာကျင်းပမည်ဖြစ်သည့်အတွက် 8/4/ 2018 ရက်နေ့သို့ အရောက်လာရောက်ပေးပါရန် ဘိတ်ကြားအပ်ပါသည်” ဟု ၄င်းဘိတ်ကြားစာတွင် ရေးသားဖော်ပြသည်။

ထို့အတူ “မနက်ဖန်(၆-၄-၂၀၁၈) နံနက် ၈ နာရီခွဲ အချိန်မှာ မော်လမြိုင်မြို့ နိုင်ရွှေကျင်စာကြည့်တိုက်တွင် ပြုလုပ်မည့် မွန်လူထုတွေ့ဆုံပွဲအတွက် ပြင်ဆင်မှုအစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ပေးကြပါရန် လေးနက်စွာဖိတ်ကြားအပ်ပါသည်” ဟုလည်း Mon CSOs ကိုယ်စား ဆော်ဩသူ မင်းမင်းနွယ်၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အလားတူ လူထုတွေ့ဆုံပွဲကိုလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ရေးမြို့အရှေ့ဖက်ခြမ်းရှိ “ဝယ်ဇင်စခန်း” တွင် သင်္ကြန်အလွန် ဆက်လက်ကျင်းပမည့် အစီအစဉ်ရှိကြောင်း မွန်သတင်းအေဂျင်စီမှ စုံစမ်းသိရှိရသော်လည်း အတည်ပြု၍မရသေးပေ။

မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများကို ဧပြီလမကုန်မီ ကျင်းပရန်နှင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်၌ လာမည့်မေလ ပထမပတ်အတွင်း ကျင်းပသွားရန်လျာထားကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဝင်တစ်ဦးထံမှ သတင်းရရှိသည်။

သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP တို့၏ လူထုတွေ့ဆုံပွဲများကို အစိုးရဘက်မှကန့်သတ်မှုအချို့ပြုလုပ်ထားသဖြင့် သက်ဆိုင်ရာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့်အလားအလာ မတွေ့ရှိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts