ကရင်ပြည်နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ၃ နေရာ၌ ပြုလုပ်မည့် မွန်ပြည်သစ်ပါတီ၏ လူထုတွေ့ဆုံပွဲများအတွက် အစိုးရဘက်မှ လူဦးရေကန့်သတ်ထားမှုကိစ္စကို မော်လမြိုင်မြို့၌ ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ သဘောတူညီမှုမရရှိသေးကြောင်း တက်ရောက်သူများထံမှ စုံစမ်းသိရှိရသည်။
မွန်ပြည်သစ်ပါတီ၏ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ လူထုတွေ့ဆုံပွဲများ ကျင်းပမည့်အစီအစဉ်ကို အစိုးရကခွင့်ပြုထားပြီဖြစ်ကြောင်း။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ဝယ်ဇင်ရွာနှင့် ညီစားရွာတို့၌ မွန်ပြည်သစ်ဦးဆောင် ကျင်းမည့်လူထုတွေ့ဆုံပွဲများကို လူဦးရေကန့်သတ်မထားကြောင်း သိရသည်။
![](https://i0.wp.com/burmese.monnews.org/wp-content/uploads/2018/04/29683277_1248339411966939_7252730556336124631_n.jpg?resize=300%2C225&ssl=1)
အဆိုပါညှိနှိုင်းအစည်းအဝေး၌ ကရင်ပြည်နယ် ၃ နေရာတွင် လူဦးရေ ၄၀ ဦးခန့်ဖြင့် တစ်နေရာ ၂ ရက်တာကျင်းပသွားရန် အစိုးရက မွန်ပြည်သစ်ထံ ထပ်မံအဆိုပြုထားသည့်ကိစ္စကို ယခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ EC အရေးပေါ်အစည်းအဝေးကျင်းပ၍ ပြန်လည်အကြောင်းပြန်မည်ဟု သိရသည်။
အကယ်၍ အထက်ပါအစိုးရ၏အဆိုပြုချက်ကို မွန်ပြည်သစ်ပါတီလက်ခံပါက ယခုဧပြီလကုန်ပိုင်းတွင် လူထုတွေ့ဆုံပွဲများကျင်းပသွားရန်နှင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့်မေလဆန်းတွင် ကျင်းပသွားရန် အကြမ်းဖျဉ်းလျာထားသည်ဟု အမည်ဖော်ပြခွင့်မရှိသည့် အစည်းအဝေးတက်ရောက်သူတစ်ဦးက ဆိုသည်။
အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UNDJC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး လူမှုကွန်ယက်သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။