Homeသတင်းဒုတိယကမ္ဘာစစ်ကျန်ပစ္စည်းတူးဖော်ခွင့် မွန်ပြည်နယ်အစိုးရဆုံးဖြတ်ပိုင်ခွင့်မရှိ

ဒုတိယကမ္ဘာစစ်ကျန်ပစ္စည်းတူးဖော်ခွင့် မွန်ပြည်နယ်အစိုးရဆုံးဖြတ်ပိုင်ခွင့်မရှိ

-

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မိန်ဘလာတောင်ပေါ်တွင် ဒုတိယကမ္ဘာစစ် ဂျပန်စစ်ကျန်လက်နက်ပစ္စည်း တရားဝင်တူးဖော်ခြင်းအားမွန်ပြည်နယ်အစိုးရမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီကိစ္စက ကျွန်တော်တို့မွန်ပြည်နယ်အစိုးရ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ သူတို့စာတင်လာတာ ၂ ကြိမ်ရှိပြီး အရင်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးကတစ်ကြိမ်၊ အခုလက်ရှိဝန်ကြီးချုပ်လက်ထက်မှာလည်း ထပ်တင်ထား တယ်၊ ဒီကိစ္စကပြည်ထောင်စုကိုတိုက်ရိုက်တင်မှရမယ်၊ တင်ပြီးလို့ ပြည်ထောင်စုကနေ မွန်ပြည်နယ်အစိုးရရဲ့ သဘောထားကိုမေးမှ ကျွန်တော်တို့ဒီကိစ္စကိုမှတ်ချက်ပေးလို့ရမယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

မိန်ဘလာတောင်ပေါ်တွင် စမ်းသပ်တူးဖော်ခဲ့စဉ်(MNA)
ယင်းကဲ့သို့တူးဖော်ခြင်းသည် ပြည်သူတွေအတွက် အကျိုးခံစားခွင့်တစ်စုံတစ်ရာမှရှိသည့်အတွက် ပြည်နယ်အစိုးရအနေနှင့် ဆုံးဖြတ်ချက်လည်းချမရကြောင်း သူကဆက်လက်ပြောကြားသည်။

ရန်ကုန်အခြေစိုက် Golden Geo Myanmar ကုမ္ပဏီအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းက ခွင့်ပြုချက်မရှိဘဲ တူးဖော်နေသည့်သတင်းထွက်ရှိပြီးနောက် တူးဖော်မှုလုပ်ငန်းရပ်ဆိုင်းထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဆက်လက်တူးဖော်ခွင့်ရဖို့အတွက် မြို့နယ်အဆင့်ကနေ ပြည်နယ်အဆင့်အထိတော့စာတင် ထားတယ်၊ ဆက်လက်တူးဖော်ခွင့်ရမှ ပြန်လည်တူးဖော်မှာပါ၊ အခုတော့ရပ်ဆိုင်းထားတယ်၊ ပြည်ထောင်စု အဆင့်ကလည်း ဆက်လက်ခွင့်ပြုမယ်ဆိုရင်ပိုအဆင်ပြေမယ်ပေါ့”ဟု Golden Geo Myanmar ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ ဦးဝင်းသိန်းက ပြောသည်။

မိန်ဘလာတောင်ပေါ်တွင် စမ်းသပ်တူးဖော်ခဲ့စဉ်(MNA)
Golden Geo Myanmar ကုမ္ပဏီအနေဖြင့် ခွင့်ပြုချက်မရရှိသေးသည့်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် မန်နေဂျင်းဒါရိုက်တာ ဦးဝင်းသိန်းက ဝန်ခံကတိပြုလက်မှတ် ရေးထိုးထားပြီးဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ယိုးဒယား-မြန်မာသေမင်းတမန် မီးရထားလမ်းဖော်လုပ်ခဲ့စဉ် အဆိုပါမိန်ဘလာတောင်ပေါ်တွင် ဂျပန်စစ်သားများမြှပ်နှံထားသည့် စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေကြောင်း ဒေသခံများ ယုံကြည်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts