Homeသတင်းမွန်ပြည်သစ် NCA လက်မှတ်ရေးထိုးရသည့်အကြောင်းရင်း ရှင်းလင်းပွဲပြုလုပ်

မွန်ပြည်သစ် NCA လက်မှတ်ရေးထိုးရသည့်အကြောင်းရင်း ရှင်းလင်းပွဲပြုလုပ်

-

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရသည့်အကြောင်းရင်းကို ဒေသတွင်းရှိ မွန်တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“ အားလုံးပါဝင်မှ NCA လက်မှတ်ထိုးမယ်ဆိုတဲ့မူကို ကျနော်တို့မွန်ပြည်သစ်လက်လျော့လိုက်တယ်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ NCA လမ်းကြောင်းမလိုက်တော့ဘူးလို့ ကြေညာထားပြီဆိုတော့ စောင့်နေလို့လည်း မဖြစ်တော့ဘူး”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ ရှင်းလင်းပြောကြားသည်။

နိုင်ရွှေကျင်စာကြည့်တိုက်တွင် ရှင်းလင်းနေစဉ်(Facebook)

မွန်ပြည်သစ်ပါတီ ဦးဆောင်လျက်ရှိသည့် UNFC နှင့် ငြိမ်းချမ်းရေးကော်မရှင် PC ကြား NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးသည့်အချက် ၈ ချက်အနက် သဘောတူညီချက်မရရှိသည့် စကားလုံးအထားအသိုကိစ္စကို ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများတွင် ဆက်လက်ဆွေးနွေးနိုင်မည်ဖြစ်သည့်အတွက် လက်မှတ်ရေးရန် ဆုံးဖြတ်လိုက်ရသည်ဟုလည်း ဆိုသည်။

အဆိုပါရှင်းလင်းပွဲများကို မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်တွင်လည်းကောင်း၊ သထုံခရိုင်ရုံးတပ်တည်စခန်းအခြေစိုက်ရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်(မင်းရွာအနီး) တွင်လည်းကောင်း၊ ရေးချောင်းဖျားဒေသ ဝယ်ဇင်တပ်တည်နေရာစခန်းနှင့် ထိုင်းမြန်မာနယ်စပ်အနီးရှိ ဂျပန်ရေတွင်းတပ်တည်စခန်းအသီးသီးတို့တွင်လည်းကောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြုလုပ်ခြင်းဖြစ်သည်။

မွန်အမျိုးသားပါတီ ဒုဥက္ကဌ(၁) နိုင်တင်အောင်က “မွန်ပြည်သစ်အနေနဲ့ NCA လက်မှတ်ရေးထိုးပြီးမှ တရားဝင်လမ်းကြောင်းကနေ နိုင်ငံရေးလှုပ်ရှားခွင့်ရှိလာမယ်၊ ဒါမှလည်း ပြည်တွင်းမှာရှိနေတဲ့ မွန်အင်အားစုတွေ အတူတကွစုစည်းပူးပေါင်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားလာနိုင်လိမ့်မယ်” ဟု မွန်သတင်းအေဂျင်စီနှင့်တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော် MICC II ၌ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ NCA လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts