spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းအကြိမ် ၇၀ မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနား မွန်လူမှုအဖွဲ့အစည်းများ အနင်းကျေးရွာတွင်ကျင်းပ

    အကြိမ် ၇၀ မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနား မွန်လူမှုအဖွဲ့အစည်းများ အနင်းကျေးရွာတွင်ကျင်းပ

    -

    ကုလသမဂ္ဂမှသတ်မှတ်ထားသည့် လူ့အခွင့်အရေးစံသတ်မှတ်ချက်နှင့် တိုင်းရင်းသားလူမျိုးစုအခွင့်အရေးအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် မြန်မာနိုင်ငံသားတိုင်း လူ့ဂုဏ်သိက္ခာနှင့်အညီနေထိုင်နိုင်ရန်၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အားကောင်းလာစေရန်ရည်ရွယ်ချက်များဖြင့် အကြိမ် ၇၀ မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် အခြေပြုပြီး မွန်လူမှုအဖွဲ့အစည်းများ ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့ရာ ပရိသတ်တစ်ထောင်ကျော် တက်ရောက်ကြောင်း သိရသည်။

    လူအခွင့်အရေးနှင့် တရားမျှတမှုရှာဖွေခြင်း ခေါင်းစဉ်ဖြင့် Online ဓါတ်ပုံပြိုင်ပွဲကျင်းပခြင်း၊ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် မော်တော်ယာဉ်သံစုံတီးဝိုင်းဖျော်ဖြေ၍ လူ့အခွင့်အရေးပညာပေးစာရွက်စာတမ်းများ ဖြန့်ဝေခြင်းနှင့် အခမ်းအနားကျင်းပသည့်စင်မြင့်တွင် အသိပညာပေးဆွေးနွေးပွဲစကားဝိုင်း၊ ပြဇာတ်၊ ပဟေဠိမေးမြန်းခြင်း အစီအစဉ်တို့ပါဝင်ကြောင်း ကျင်းပရေးကော်မတီဝင် နိုင်စဝေါမွန်က ပြောသည်။

    မွန်လူမှုအဖွဲ့အစည်းများ၏ အကြိမ် ၇၀ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနား(Facebook)
    နိုင်စဝေါမွန်က “ကျေးရွာတွေမှာကျင်းပတယ်ဆိုတော့ ဒေသခံလူထုနဲ့ ပိုမိုထိတွေ့လာတယ်၊ ကျေးရွာ ၇ ရွာလောက်မှာ မော်တော်ယာဉ်သံစုံတီးဝိုင်းနဲ့အတူ လူ့အခွင့်အရေးပညာပေးအစီအစဉ်တွေလည်းပါဝင်တော့ ဒေသခံတွေ သိပ်ကိုစိတ်ဝင်စားကြတာ တွေ့ရတယ်၊ ကျနော်တို့လှုပ်ရှားမှုကိုလည်း ထောက်ခံကြတယ်၊ လူ့အခွင့်အရေးကြေညာစာတမ်း အနှစ် ၇၀ ရှိလာတာကို အခုမှကြားသိရတယ်လို့ ပြောလာတဲ့လူတွေလည်း အများကြီးပဲ” ဟု ဆိုသည်။

    ညနေပိုင်းအခမ်းအနားကျင်းပရာတွင် ကမ္ဘာပေါ်ရှိလူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊ ဆွေးနွေးပွဲစကားဝိုင်းတွင် မွန်အမျိုးသားပညာရေးကော်မတီ MNEC အဖွဲ့ဝင် နိုင်အောင်ဂျနဲ့က လူ့အခွင့်အရေးနှင့် မွန်အမျိုးသားပညာရေးအခွင့်အရေး၊ မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်က အမျိုးသမီးနှင့် ခလေးသူငယ်များအခွင့်အရေး၊ မွန် CSO Network မှ မင်းအောင်ထူးက နိုင်ငံခြားမှအကြီးစားရင်းနှီးမြှုပ်နှံမှုနှင့် မွန်ပြည်နယ်ဒေသခံများ၏အခွင့်အရေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ဆွေးနွေးချက်များကို ဒေသခံများ နှစ်သက်ကြသည်ဟု နိုင်စဝေါမွန်က ဆက်ပြောသည်။

    မင်းအောင်ထူးက “အခြားနှစ်တွေထက်စာရင် ဒီနှစ်လုပ်ရတာ ပိုပြီးအဆင်ပြေတယ်လို့ ကျနော်မြင်တယ်၊ လူတွေစိတ်ပါဝင်စားမှုလည်း ပိုများလာတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ဒီအပေါ်မှာ(လူ့အခွင့်အရေး) ပိုပြီးအားထုတ်လာကြတာ တွေ့ရတယ်” ဟု ဆိုသည်။

    ကမ္ဘာပေါ်ရှိလူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊
    မွန်ပြည်နယ်တွင် အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည် CSO, CBO နှင့် သာရေးနာရေးအသင်းအဖွဲ့များ စုစုပေါင်း ၇၀ဝ ခန့်ရှိကြောင်း မင်းအောင်ထူး ပြောကြားချက်အရ သိရသည်။

    “ ဒီလိုလူ့အခွင့်အရေးနေ့တွေ လုပ်တာက တပိုင်းပေါ့လေ၊ လူ့အခွင့်အရေးဆိုတာ စာရွက်ပေါ်မှာသက်သက် မဟုတ်ဘဲနဲ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ ဆုံးဖြတ်ချက်တွေကို အနှစ်သာရရှိရှိ ပြည်သူတွေအားလုံးခံစားနိုင်ကြဖို့ဆိုတာ သက်ဆိုင်တဲ့ကဏ္ဍအားလုံး အစိုးရအပါအဝင် ဒီ Institution တွေအားလုံးဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့လိုတယ်၊ ကျနော်တို့အားလုံး အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု မင်းအောင်ထူးက ဆက်ပြောသည်။

    ထို့အတူ ၇၀ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မွန်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ကြေညာချက်တွင် မိမိတို့မွန်လူမျိုးစုနေထိုင်ရာနယ်မြေအတွင်း မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးခွင့်(Right to Self-Determination) အား ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အသိအမှတ်ပြုပေးရန်၊ မိမိတို့ရေမြေသယံဇာတများကို မိမိတို့ပြည်သူများ ပိုင်ဆိုင်ခွင့်၊ စီမံခွင့်ရှိစေပြီး ဒေသခံများလက်မခံသော စီမံကိန်းများ မလုပ်ဆောင်ရန်၊ အတိတ်မှဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလတွင် ပြန်လည်ကုစားမှုများ ပြုလုပ်ပေးရန် စသည့်အချက်များ တောင်းဆိုထားကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks