မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
“မွန်ပြည်သစ်ပါတီကလည်း ညှို့နှိုင်းပေါင်းစည်းရေးအဖွဲ့ကနေ နှတ်ထွက်လိုက်တော့ မွန်လူထုတစ်ခုလုံးက မျှော်လင့်ထားတဲ့ မွန်ညီညွှတ်ရေးက ပျောက်ဆုံးသွားခဲ့တယ်၊ ဒီအတိုင်းဆက်နေလျှင် မွန်ရဲ့အနာဂတ်က ကောင်းလာဖို့မရှိတော့ဘူး၊ ဒီအတွက် နည်းလမ်းအသစ်နဲ့ ညီညွှတ်မှုကိုလိုလားတဲ့သူတွေကို နှိုးဆော်ပြီး ပြည်သူရဲ့ဆန္ဒကို ကောက်ခံတာပါ” ဟု ဒေါက်တာအောင်ဦးက ပြောသည်။
အဆိုပါ မွန်နိုင်ငံရေးပါတီသစ် ဖွဲ့စည်းနိုင်ရေး လှုပ်ရှားမှုတွင် မြို့နယ်အလိုက်သွားရောက်ပြီး မွန်ပါတီများညီညွှတ်ရေးကို စိတ်ဝင်စားကြသည့် ပြည်သူများအား တွေ့ဆုံမေးမြန်း၍သဘောထားများကို ဇူလိုင် ၂ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူဘက်မှ ပါတီအသစ်တည်ထောင်ရန် ဆန္ဒရှိပါက ၂၀၁၈ ဇန်နဝါရီတွင် ပါတီတည်ထောင်ရန် ပြင်ဆင်သွားမည်ဆိုသော်လည်း ပါတီအသစ်တည်ထောင်ရန် မလိုအပ်ပါက လက်ရှိလုပ်ဆောင်ချက်များကို ချက်ချင်းပြန်လည်ရုပ်သိမ်းမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
ပါတီအသစ်တည်ထောင်ရန်လှုပ်ရှားနေသူ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ဝင်ဟောင်း နိုင်တလညီက “ မွန်ပါတီ နှစ်ပါတီက ဒီကြားမှာ ပေါင်းဖြစ်သွားခဲ့ရင် အခုလှုပ်ရှားနေတာကို ချက်ချင်းရပ်ပေးမယ်၊ ဒီဟာကိုရပ်လိုက်ပြီး ကျွန်တော်တို့ဘယ်ကိုသွားမလဲမေးရင် ကျွန်တော်တို့က အလုပ်လုပ်တဲ့သူဖြစ်တဲ့အတွက် အဲဒီပေါင်းလိုက်တဲ့ပါတီကို ပြန်ဝင်မယ်၊ အကယ်လို့ သူတို့အဲလို ဝင်ရောက်တာကိုလက်မခံရင် ကျွန်တော်တို့လည်း မဝင်ပါဘူး၊ ပါတီအသစ်လည်း မထောင်တော့ဘူး၊ မွန်ကိုယ်စားပြုတဲ့ပါတီတစ်ခုရှိနေရင် ကျေနပ်တယ်” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပါတီများမှကိုယ်စားလှယ်လောင်း ၉၀ ဦးကျော်ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် လွှတ်တော်အမတ် ၄ ဦးသာ မဲရရှိခဲ့သည်အပေါ် နောင်လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ကိုယ်စားပြုမည့် ပါတီတစ်ရပ်သာဖြစ်ဖို့လိုအပ်နေကြောင်း ၄င်းက ဆက်ပြောသည်။
“အခုအသစ်ဖွဲ့မယ့် ပါတီကလည်း ဟိုနှစ်ပါတီ(AMDP,MNP) အခုပေါင်းဖြစ်ရင် သူတို့ရဲ့လုပ်ငန်းတွေကို အခုချက်ချင်းပဲ ရုပ်သိမ်းပေးမယ်လို့ ကတိပြုထားတဲ့အတွက် သူတို့ကိုလည်း အပြည့်အဝထောက်ခံတယ်၊ ပြည်သူတွေအတွက် ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရပ်တည်လုပ်ဆောင်နေတဲ့အတွက် ဦးဇင်းအနေနဲ့ ပါတီတည်ထောင်ဖို့ အားပေးပါတယ်” ဟု မွန်ပါတီများပေါင်းစည်းညီညွှတ်ရေး ညှိနှိုင်းရေးအဖွဲ့အား ဝိုင်းဝန်းထောက်ပံ့နေသူ အရှင်သီဟက မိန့်သည်။
လက်ရှိမြို့နယ် ၄ မြို့နယ်မှ ကောက်ခံရရှိထားသည့် ပြည်သူများ၏ သဘောဆန္ဒမှာ မွန်အမျိုးသား ကိုယ်စားပြုသည့်ပါတီသစ် ဖွဲ့စည်းသည့်အပေါ် ကန့်ကွက်မှုများမရှိသေးဘူးဟု ပါတီသစ်ဖွဲ့စည်းရေး လှုပ်ရှားနေသူများက ပြောသည်။
အဆိုပါ မွန်နိုင်ငံရေးပါတီသစ် ဖွဲ့စည်းနိုင်ရေး လှုပ်ရှားမှုတွင် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်ပြည်သစ်ပါတီ NMSP မှ နုတ်ထွက်ပြီးသူများ(ဝါ) ထုတ်ပယ်ခံ ပုဂ္ဂိုလ်အချို့ ပါဝင်နေသည်ကို တွေ့ရသည်။