spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင်ရေဘေးသင့်ဦးရေ သုံးထောင်နီးပါးရှိ

    ကျိုက်ထိုမြို့နယ်တွင်ရေဘေးသင့်ဦးရေ သုံးထောင်နီးပါးရှိ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၃၀ဝဝ ဦးနီးပါးခန့်ရှိနေပြီး စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများအတွက်ငွေကြေးတို့ကို ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားကြောင်း သိရသည်။

    “လက်ရှိကတော့ ပြောင်းရွှေ့နေရတဲ့လူဦးရေ (၂၉၀ဝ) အတွက် (၇) ရက်စာ ဆန်ဖိုးငွေ ထောက်ပံ့ထားတယ်။တစ်ယောက်ကို (၂၁၀ဝ) နှုန်းနဲ့ သိန်း (၆၀) နဲ့ (၉) သောင်း ထောက်ပံ့ထားပါတယ်။ကျိုက်ထိုမှာ ရေကြီးတဲ့ဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတယ်။”ဟု မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကိုငြိမ်းချမ်းကျော်က ပြောကြားသည်။

    ကျိုက်ထိုမြို့နယ် ဇူလိုင် ၂၂ ရေးကြီးမှုမြင်ကွင်း(MNA)

    လက်ရှိတွင် မွန်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်တို့နှင့် သထုံခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း လာရောက်ထောက်ပံ့ပေးမှာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

    “ဒီနေ့ (ဇူလိုင် ၂၂) မှာ ဝန်ကြီးချုပ်ကလည်း လာပြီး ကူညီထောက်ပံ့တယ်၊ မွန်ပြည်နယ်အစိုးရ ကယ်ဆယ်ရေးအဖွဲ့ကလည်း သဘာဝဘေးအတွက် လူတစ်ဦးကို ဆန်တစ်ပတ်စာ ထောက်ပံ့ပေးထားပါတယ်။ကလေးလူကြီး မခွဲဘူး။တစ်ရက်ကို ဆန်(၂) ဘူးစာ ငွေသားပေးတယ်။အိမ်ပြိုတာတွေ ရှိတဲ့အတွက် ပြိုတဲ့အိမ်အပေါ် မူတည်ပြီးတော့ ထောက်ပံ့ပေးတယ်။ ဆန်အိတ်(၁၂၀) တို့ ၊ ရေသန့်ဘူးတွေလည်း ထောက်ပံ့ဖို့ရှိပါတယ်။” ဟု သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

    ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ရေဘေးသင့်သူတစ်ဦးကို တစ်ပတ်စာ ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ကျပ် ၅၉ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

    “မော်လမြိုင်-ရန်ကုန် ခရီးလမ်းကြောင်းမပြတ်တောက်အောင် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် သွားနိုင်အောင် ကျွန်တော်တို့ စီစဉ်ပေးနေပါတယ်။တစ်ချို့ကားလေးတွေဆိုလည်း အရမ်းသွားချင်နေတော့ ပေးသွားလိုက်တယ်။ မနိုင်လို့ ရပ်သွားတဲ့အခါကျရင် ဝိုင်းတွန်းပေးလိုက်တယ်။အဆင်ပြေအောင် စီစဉ်ပေးနေပါတယ်။”ဟု သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

    တခါတရံတွင် အဝေးပြေးလမ်းမပေါ် ရေကျော်နေမှုကြောင့် မော်တော်ယာဉ်များ သွားလာရခက်ခဲနေပြီး မော်လမြိုင်-ရန်ကုန် မီးရထားလမ်းပေါ် ရေမြင့်တက်မှုကြောင့် ခရီးစဉ်တစ်ချို့ ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။

    ဇူလိုင်လ (၂၀) ရက်နေ့က ကျိုက်ထိုမြို့တွင် ၈ ဒသမ ၉၈ လက်မခန့်နှင့် သိမ်ဇရပ်ကျေးရွာ၌ မိုးရေချိန် ၁၃ ဒသမ ၂၃ လက်မခန့်ရွာသွန်းခဲ့သဖြင့် ၁၉၉၇ ခုနှစ်နောက်ပိုင်း မိုးရွာသွန်းမှု ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

    အလားတူ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ကရင်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၁၉ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၈၂ဝဝဝ ကျော်အထိ ရှိလာကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာနမှ သိရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts