spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သိမ်းဆည်းလိုင်စဉ်မဲ့ယာဉ် (၃၀ဝ) စီးကျော်ရှိ

    မွန်ပြည်နယ်သိမ်းဆည်းလိုင်စဉ်မဲ့ယာဉ် (၃၀ဝ) စီးကျော်ရှိ

    -

    (၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ မွန်ပြည်နယ်အတွင်း နိုင်ငံတော်ပိုင်အဖြစ် တရားရုံးမှ သတ်မှတ်သိမ်းဆည်းထားခဲ့သော လိုင်စင်မဲ့မော်တော်ယာဉ် (၃၃၄) စီးရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန် အစည်းဝေးဆဋ္ဌမနေ့ကျင်းပသည့် မတ်လ (၂၄) ရက်နေ့၌ ပေါင်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းမင်းအောင်၏ တရားရုံးမှ နိုင်ငံတော်ပိုင် သိမ်းဆည်းထားသည့် ကားအရေအတွက်နှင့် ပတ်သက်၍ မေးမြန်းချက်ကို ဝန်ကြီးချုပ်ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

    သိမ်းဆည်းလိုင်စဉ်မဲ့ယာဉ်များ(MNA)

    “(၂၀၁၆) ခုနှစ်မှာ သိမ်းဆည်းထားတဲ့ တရားရုံးပြီးပြတ် မော်တော်ယာဉ် (၃၃၄) စီးကိုတော့ လေလံတင်ရောင်း ချခွင့်ပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထား ပါတယ်” ဟုဒေါက်တာအေးဇံက ပြောသည်။

    ထိုသို့ တင်ပြထားရခြင်းမှာ မွန်ပြည်နယ် တရား လွှတ်တော်မှ (၂၀၁၇) ခုနှစ် ဇန်ဇဝါရီလ (၁၈) ရက်နေ့မှာ အဆိုပါ သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်များကို လေလံတင်ရောင်းချရန် တင်ပြလာသည့်အတွက် လေးလံဆုခွဲရောင်းချရေးကော်မတီနှင့် ကြမ်းခင်း ဈေးစိစစ်သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို (၂၀၁၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် လေလံတင်ရောင်းချခွင့်ပြုရန် တင်ပြထားကြောင်း နှင့် ပြည်နယ်လွှတ်တော်တွင် ယခုအသုံးပြုနေသော မော် တော်ယာဉ် (၃) စီးမှာ (၂၀၁၅) ခုနှစ်မှ နိုင်ငံတော်ပိုင် ယာဉ်များမှ ခွဲဝေထားသည့် ယာဉ်များဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က “လူထုရဲ့အခြေအနေကို သိရှိဖို့ အတွက် ကျွန်တော်တို့က မကြာခဏ ကွင်းဆင်းနေရတယ်၊ အဲလိုသွားဖို့ လွှတ်တော်ရုံးမှာရှိတဲ့ ကားတစ်စီးကဆိုရင် ဘီးကလည်း ပါးနေပြီးတော့ အခြေအနေကလည်း မကောင်းနေဘူး၊ လမ်းတစ်ဝက်မှာတင် ရပ်သွားတဲ့ အခြေအနေမျိုးဖြစ်နေတယ်” ဟု ပြောသည်။

    ထိုသို့သော အခြေအနေမျိုးရှိနေသော မော်တော်ယာဉ် များကို ပြန်လည်ပြုပြင်ရာတွင်းလည်း ကုန်ကျစရိတ်များ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    (၂၀၁၅) ခုနှစ် ဒီဇင်ဘာလမှ (၂၀၁၆) ဇန်နဝါရီလကုန်အထိ လိုင်စင်မဲ့ မော်တော်ယာဉ် (၁၀၉) စီးကို နိုင်ငံတော်ပိုင် သိမ်းဆည်းခဲ့ပြီး ထိုမော်တော်ယာဉ်များမှ ပြုပြင်သုံးစွဲ မရနိုင်တဲ့ မော်တော်ယာဉ်နှင့် ထော်လာဂျီ စုစုပေါင်း (၁၁) စီးနှင့် ပြုပြင်သုံးစွဲနိုင်တဲ့ မော်တော်ယာဉ် စုစုပေါင်း (၉၈) စီးရှိကြောင်းသိရသည်။

    ထိုပြုပြင်သုံးစွဲနိုင်တဲ့ မော်တော်ယာဉ် (၉၈) စီးကို ပြည်နယ် အဆင့် ပုဂ္ဂိုလ်များအတွက် အဆောင်အယောင် (၁၀) စီး၊ ဧည့်ကြိုယာဉ် (၁) စီး၊ ပြည်နယ်လွှတ်တော် ရုံးအတွက် (၃) စီး၊ ပြည်နယ်တရားလွှတ်တော်ရုံးအတွက် (၂) စီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အတွက် (၂) စီးနှင့် သုံးဘီးဆိုင်ကယ် (၁) စီး၊ ကုန်းလမ်းပို့ဆောင်ရေး အတွက် (၂) စီး၊ ပြည်နယ်ရဲတပ်ဖွဲ့အတွက် (၃) စီး၊ စုစုပေါင်း (၂၄) စီးကို ဌာနပိုင်ယာဉ် အဖြစ် ခွဲဝေပေးခဲ့ပြီး ကျန်ရှိသည့် ယာဉ် (၇၄) စီးကို ပြည်နယ်အတွင်းရှိ အမှန်တကယ်လိုအပ်နေသော ဌာနဆိုင်ရာများသို့ မဲစနစ်ဖြင့် ခွဲဝေပေးခဲ့သည်။

    ဝန်ကြီးချုပ် ဦးအုန်းမြင့်လက်ထက် ဖမ်းဆီးရမိသောလိုင်စင်မဲ့မော်တော်ယာဉ်များအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂၉၁ စီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၅၀ စီးနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ၈၈ စီးတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့လေလံတင်ရောင်းချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

    လိုင်စင်မဲ့မော်တော်ယာဉ်အား ပိုင်ရှင်နှင့်အတူဖမ်းဆီးမိပါက သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ်၂ နှစ်၊ ဒဏ်ငွေကျပ်နှစ်သိန်းချမှတ်နိုင်တဲ့အပြင် မော်တော်ယာဉ်ကိုလည်း နိုင်ငံပိုင်သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts