Homeသတင်းရာမညဒေသတွင် ၁၅ ရာစုကပင် စဉ့်အိုးဖိုလုပ်ငန်းရှိခဲ့ဟု သုတေသနပညာရှင် ခန့်မှန်းပြောဆို

ရာမညဒေသတွင် ၁၅ ရာစုကပင် စဉ့်အိုးဖိုလုပ်ငန်းရှိခဲ့ဟု သုတေသနပညာရှင် ခန့်မှန်းပြောဆို

-

ရာမညဒေသရှိ စဉ့်အိုးဖုတ်ဖိုဟောင်းများမှ ရှေ့ဟောင်း စဉ့်အိုးများသည် ၁၄ ရာစုခန့်ရှိ အာရပ်နိုင်ငံနှင့် ယူကရိန်း နိုင်ငံတွင် ထိန်းသိမ်းထားသော ရှေ့ဟောင်းစဉ့်အိုးများနှင့် တူညီနေသောကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တွင် (၁၄/၁၅) ရာစုကတည်ကပင် စဉ့်အိုးဖိုလုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု ခန့်မှန်းနိုင်ကြောင်း သမိုင်းသုတေသနပညာရှင် ဆရာဦးစံဝင်း ကဆိုသည်။

အဆိုပါ စဉ့်အိုးဖိုဟောင်းများကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့တာ ကျေးရွာ နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဒုန်ကျေးရွာတွင် ဆရာဦးစံဝင်း၊ ဆရာမဒေါ်နန် သီသီခိုင်နှင့် ဂျပန်နိုင်ငံမှ National Research Institute for Cultural Properties,Nara Department of Planning and International Cooperation အဖွဲ့တို့က သြဂုတ်လ ဒုတိယပတ်တွင် သွားရောက်လေ့လာခဲ့သည်။

ကော့တာရွာ ဦးလှထွန်း၏ နေအိမ်ခြံဝင်းမှ စဉ့်ထည်ပစ္စည်းများ (ဦးစံဝင်း)
ကော့တာရွာ ဦးလှထွန်း၏ နေအိမ်ခြံဝင်းမှ စဉ့်ထည်ပစ္စည်းများ (ဦးစံဝင်း)
ဆရာ ဦးစံဝင်း က “ဒေသခံတွေက စဉ့်အိုးဖိုမှန်းမသိလို့ မြေကြီးယူပြီး လမ်းဖို့တယ်။ ထိန်းသိမ်းရမှန်းမသိဘူး။ ဖို ပေါ်မှာ ဘုန်းကြီးကျောင်းဆောက်တယ်၊ အိမ်တွေလည်း ဆောက်ထားတာရှိတယ်။ ကျန်နေသေးတဲ့ဖိုတွေ တွေ့ ရင် မဖျက်စီးပဲနဲ့ ထိန်းသိမ်းထားပေးဖို့ လိုတယ်” ဟု ဆိုသည်။

မုတ္တမစဉ့်သည် မုတ္တမမှပြုလုပ်သည်ကို ယခင်က သုတေသနပညာရှင်အချို့ငြင်ပယ်ခဲ့ဖူးကြောင်း၊ ယခု မွန်ပြည်နယ်ဘက်တွင် စဉ့်ဖိုများရှာဖွေတွေ့ရှိရန် အနှစ် ၂၀ ခန့်အချိန်ပေးခဲ့ရကြောင်းနှင့် တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီကို ကြည့်ခြင်းအားဖြင့် (၁၄/၁၅) ရာစုဝန်းကျင်တွင် စဉ့်ဖိုလုပ်ငန်းဖြင့် ဒေသခံများ ချမ်းသာကြွယ်ဝ ခဲ့ကြောင်း ဆရာ ဦးစံဝင်း က ဆက်ရှင်းပြသည်။

ကျိုက်မရောမြို့နယ်၊ မင်းရွာမှ နိုင်ချမ်းသာက “ဒီစဉ့်ဖိုတွေကိုတော့ ကျနော်ငယ်ငယ်ကတည်းကတွေ့နေတယ်။ အဖေခြံနဲ့ ကျနော်ဘကြီးခြံတွေမှာလည်းရှိတယ်။ ဒီရှေ့ဟောင်းပစ္စည့် မပျက်စီးအောင် ထိန်းသိမ်းထားတာကို တချို့လူတွေက အပိုလို့ ပြောကြတယ်။ ကျနော်ကတော့ ယဉ်ကျေးမှုပစ္စည်း ဆိုတော့ တန်ဖိုးရှိတယ်လို့ ယူဆတယ်” ဟု ဆိုသည်။

မွန်ညီနောင် (တဖုဿနှင့်ဘလ္လိက) နှစ်ဦး မြတ်စွာဘုရားထံ အိုး၊ ခွက်၊ ပုဂံဖြင့် ဆွမ်းကပ်သည်ကို ကြည့်ခြင်း အားဖြင့် အဆိုပါခေတ်ကတည်းကပင် ရာမညတိုင်းသားများ စဉ့်အိုးပြုလုပ်တတ်သည်ကို သက်သေပြ နေကြောင်း၊ စဉ့်အိုးကို မိမိတို့ဒေသတွင် လွန်ခဲ့သော ရာစုနှစ်များစွာကပင် ပြုလုပ်ခဲ့သည်ကို ကမ္ဘာအားသိ စေလိုကြောင်း နိုင်ချမ်းသာက ဆက်ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တူးဖော်ရရှိထားသော စဉ့်အိုးအပိုင်းအစများ၊ စဉ့်အိုးပြုလုပ်ရာတွင် အသုံး ပြုထားသော ထောင့်တိုင်များကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ရှေ့ဟောင်းယာဉ်ကျေးမှုပြတိုက်တွင် ထိန်း သိမ်းထားရှိသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ရှေ့ဟောင်းသုတေသနအဖွဲ့ပညာရှင်များက စဉ့်အိုး ဖိုများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မွန်နှင့်ကရင်ပြည်နယ်တွင် ယခုအခါ ဆက်လက်ရှာဖွေသုတေသနပြုလုပ် လျက်ရှိသည်။
လက်ရှိ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ် နေရာဒေသများစုပေါင်း၍ ယခင်က ရာမညဒေသဟုခေါ်ဆိုခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts