Home သတင်း ဇင်းကျိုက်ရေတံခွန်တွင် အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့

ဇင်းကျိုက်ရေတံခွန်တွင် အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်(ကျောက်သင်္ဘော) ရေတံခွန်တွင် ဝါဆိုလပြည့်နေ့ မွန်းလွဲ ၁း၃၀ နာရီဝန်းကျင်ခန့်က လူငယ်တစ်ဦး ရေကူးနေစဉ် ရေနစ်သေဆုံးသွားသည်ဟု ရေတံခွန် ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ဇင်းကျိုက်ရေတံခွန်သည် ယခုမိုးရာသီကာလ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများပြားလျက်ရှိပြီး အရက်သေစာရောင်းဝယ်ခြင်းကို တားမြစ်ထားသည်ဟု သိရသည်။

 ဝါဆိုလပြည့်ကျော် ၁ ရက်နေ့က စည်းကားနေသော ဇင်းကျိုက်ရေတံခွန် (မွန်ထော်)
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့က စည်းကားနေသော ဇင်းကျိုက်ရေတံခွန် (မွန်ထော်)
ရေတံခွန်ကြီးကြပ်ရေးကော်မတီဝင် နိုင်ချစ်သိန်း က “ရေတံခွန်အောက်မှာ ရေကစားတဲ့လူတွေ ကျနော်တို့ကို သတင်းလာပေးတာ။ ကျနော်တို့အဖွဲ့ အောက်ရောက်တော့ လူငယ်က အသက်မရှိတော့ဘူး။ သူ့အဖော်တွေပြောတာတော့ ရေငုတ်ရင်း နစ်သွားတာပါ။ အောက်မှာက ရေတော်တော်နက်တယ်” ဟု ဆိုသည်။

ရေနစ်သေဆုံးသွားသည့် လူငယ်သည် ၆ တန်းကျောင်းသားဖြစ်ကြောင်း၊ အရက်သေစာ သောက်စားထား ခြင်းမရှိသလို ရေတံခွန်အနီးနာရှိ ဈေးဆိုင်များမှာလည်း အရက်သေစာ ရောင်းခွင့် မပြုထားကြောင်း နိုင်ချစ်သိန်း က ဆက်ပြောသည်။

အဆိုပါလူငယ်သည် မောင်လင်းပြည့်ဖြိုး အမည်ရှိသူဖြစ်ပြီး မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာချမ်းမြေ့ရပ်ကွက်တွင် နေထိုင်သည်ဟု ရေတံခွန်ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ရေတံခွန် ကြီးကြပ်ရေး ကော်မတီဝင် ဦးထွန်းထွန်းနိုင် က “ရေတံခွန်ရေအောက် ကြမ်းပြင်ကို ကျနော်တို့မြှင့်ထားပါတယ်။ ဒါပေမဲ့ မိုးကရွာလိုက်တော့ ကျနော်တို့လိုချင်တဲ့ အတိုင်းတာကို မရတာပါ။ လုံခြုံရေးအပိုင်းတော့ ဇင်းကျိုက်မြို့မှာရှိတဲ့ ပြည်သူ့စစ်၊ ရဲ၊ မီးသတ်နဲ့ ရပ်မိရပ်ဖ ၅၀ ကျော်လောက်က တာဝန်ယူဆောင်ရွက်ပေးနေပါတယ်”ဟု ဆိုသည်။

ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သော်လည် လာရောက်ရေကစားသူ လျော့ကျမသွားကြောင်း၊ ရေတံခွန် ကြီးကြပ်ရေး ကော်မတီက အန္တရာယ်ကင်းရှင်းအောင် ကူညီဆောင်ရွက်လျှက်ရှိကြောင်း ဦးထွန်းထွန်းနိုင် က ဆက်ပြောသည်။

အလားတူ အဆိုပါဇင်းကျိုက်ရေတံခွန်၌ ယမန်နှစ် ပထမဝါဆိုလဆန်း ၃ ရက်နေ့ (ဇူလိုင် ၁၉ အာဇာနည်နေ့) တွင် အမျိုးသား ၁ ဦးနှင့် ဒုတိယဝါဆိုလပြည့်နေ့တွင်လည်း အမျိုးသား ၄ ဦး ရေနစ်သေဆုံးသည့် ဖြစ်ရပ်များ ရှိခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.