မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကျောက်မီးသွေးဖြင့် လည်ပတ်မည့်ကိစ္စကို ရပ်တန့်ပေးရေး နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ စက်ရုံပတ်ဝန်းကျင်ရှိကျေးရွာ (၇) ရွာမှ ကန့်ကွက်လက်မှတ်ပေါင်း (၃၇၈၀) ရေးထိုး တောင်းဆိုခဲ့သည်ဟု ဒေသခံများမှ သိရသည်။
ကတုံစိရွာ၊ ကော့ဒွန်/ကော့ပနော့ရွာ၊ ကွမ်ငန်းရွာ၊ နှီးတုံရွာ၊ မယ်ကရိုရွာ၊ ပေါက်တော ရွာနှင့် မဲကတန်ရွာမှ ဒေသခံများက ဧပြီလ (၂၅) ရက်နေ့တွင် အဆိုပါလက်မှတ်များရေးထိုးထားခြင်း ဖြစ်သည်။
ဒေသခံ မိနီနီအောင်က “ကျမတို့က ဝန်ကြီးချုပ်ကိုယုံတယ်။ ကျမတို့တောင်းဆိုတဲ့အရာနဲ့ ဝန်ကြီးချုပ်က ကူညီလိမ့်မယ်၊ ဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီစာကိုတင်ရတာပါ” ဟု ဆိုသည်။
“အခုတလော စက်ရုံကို ညပိုင်းတွေမှာ သူတို့စမ်းသပ်လည်ပတ်နေတယ်။ ညတိုင်းလည်တာတော့မဟုတ် သေးဘူး။ ကျနော်တို့က ဒီကျောက်မီးသွေးနဲ့လည်ပတ်မှာကို ရပ်တန့်စေခြင်တာပါ။ ကျန်တဲ့ ကုမ္ပဏီ လုပ်ငန်း အပိုင်းကတော့ ကျနော်တို့ ဘာမှ ပြောစရာမရှိပါဘူး” ဟု စက်ရုံအတွင်း အလုပ်လုပ် နေသူ တဦးဖြစ်သည့် ကတုံစိရွာသား နိုင်မစ်က ဆိုသည်။
အဆိုပါ မော်လမြိုင် ဘိလပ်မြေစက်ရုံသည် တနေ့လျှင် ဘိလပ်မြေတန် (၅၀ဝ၀) ထုတ်လုပ်ရန် တစ်နှစ်စာလိုအပ်သည့် ဂေါဒန်ကျောက် တန် (၁၀ဝ,ဝ၀ဝ) နှင့် ကျောက်မီးသွေး တန်ချိန် (၄၇၆,ဝ၀ဝ) ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရက သင်္ဘောများဖြင့် စတင်သယ်ဆောင်ခွင့်ပြုခဲ့သည်။
MCL ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်သုံးစွဲရန် လိုအပ်သည့် လျှပ်စစ်ပမာန (၄၉) မဂ္ဂါဝပ် ကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ် လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှတဆင့် (၉) မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသွားမည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ချက် အရ သိရသည်။