Homeသတင်းမွန်ပြည်နယ်လွှတ်တော်၏ဆောင်ရွက်ချက်များကို အရပ်ဖက်အဖွဲ့အစည်းများ စတင်စောင့်ကြည့်နေပြီ

မွန်ပြည်နယ်လွှတ်တော်၏ဆောင်ရွက်ချက်များကို အရပ်ဖက်အဖွဲ့အစည်းများ စတင်စောင့်ကြည့်နေပြီ

-

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပလျက်ရှိရာ လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းတို့၏ ဆောင်ရွက်ချက်များကို စတင်စောင့်ကြည့်နေပြီဖြစ်ကြောင်း လူနေမှုဘဝလေ့လာဆန်းစစ်သူများအသင်းက ဒုတိယညှိနှိုင်းရေးမှူး မင်းဝင်းဗိုလ်က ပြောသည်။

မင်းဝင်းဗိုလ်က “ဒီတာဝန်ကိုယူတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တာဝန်ကျေဖို့အတွက်ကို ကျွန်တော်တို့က မှန်ထောင်ပြတာပါ။ ဒီတော့ကိုယ့် ကို ကိုယ်ဘာလဲဆိုတာသိစေဖို့ ကျွန်တော်တို့က မှန်ထောင်ပြတာပါ” ဟု ပြောသည်။

အစည်းအဝေးကျင်းပသည့်ရက်တိုင်းတွင် လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို အဆိုပါအသင်းကိုယ်စားလှယ်နှစ်ဦးက လွှတ်တော်၌ မှတ်တမ်းရယူပြီး လေးလလျှင်တစ်ကြိမ်အစီရင်ခံစာထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ထိုအစီရင်ခံစာကို လွှတ်တော်၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီနှင့် မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပစဉ်(MNA)
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပစဉ်(MNA)

ထိုသို့လုပ်ဆောင်ခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်မူများကို ပြည်သူများက ပိုမိုသိ ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များအား တွန်းအားပေးရာရောက်စေသည့် အချက်တစ်ချက်ဖြစ်စေကြောင်း မင်းဝင်းဗိုလ်က ဆက်ပြောသည်။

သထုံမြို့နယ် အမှတ်-၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က “ဘယ်သူအလုပ်လုပ်တယ်၊ မလုပ်ဘူးဆိုတာ ပီပီပြင်ပြင်သိစေနိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူရဲ့အကျိုူးအတွက်ဘယ်လောက်ထိအလုပ်လုပ်သလဲဆိုတာကို တစ်ဖက်တစ်လမ်းက ပွင့်လင်းမြင်သာမူရှိအောင် အထောက်အကူပြုနိုင်တယ်လို့ မြင်တယ်” ဟု ပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် လွှတ်တော်တွင်းရှိ ကိုယ်စားလှယ်အချင်းချင်း အပြန်အလှန်ထိန်းကြောင်းနိုင်မည် ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

အဆိုပါအသင်းသည် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေးအသင်းအဖြစ်ဖွဲ့စည်းပြီး စောင့်ကြည့်ခဲ့ကြောင်း၊ ထို့နောက် လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ်များအား စောင့်ကြည့်ရန် ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ပြီး လူမှုအဖွဲ့အစည်း ၇ ခုဖြင့် လူမှုအသိုက်အမြုံစောင့်ကြည့်လေ့လာရေးအသင်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ထိုမှ တဆင့် အသင်းအဖွဲ့မှတ်ပုံတင်ရာတွင် လူမှုဘဝလေ့လာဆန်းစစ်သူများအသင်းအဖြစ် ပြောင်းလဲခဲ့သည်။

ပြီးခဲ့သည့်ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၅ နှစ်သက်တမ်းတွင် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် လေ့လာစောင့်ကြည့်မူများ မရှိခဲ့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts