Homeသတင်းမွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲမရှိ

မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲမရှိ

-

ဗဟိုကော်မတီဝင်များကျမ်းသစ္စာကြိမ်ဆိုနေစဉ်(NMSP)
ကျင်းပဆဲ နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံတွင် ဗဟိုကော်မတီဝင်များ CC နှင့် ဗဟိုအလုပ်အမှုဆောင်များ CEC အား လှို့ဝက်မဲဖြင့် အသစ်ပြန်လည်ရွေးချယ်တင်မြောက်သော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲမရှိကြောင်း သတင်းရရှိသည်။

ဗဟိုအလုပ်အမှုဆောင် ၉ ဦးတွင် ဥက္ကဌနိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဇေယျ(ဇဲယျ)၊ စစ်ကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်လယီကောင်း၊ အဖွဲ့ဝင်များအဖြစ် နိုင်ဝင်းလှ၊ နိုင်စိုက်ထော(နိုင်ပလုံ)၊ နိုင်အေးမွန်နှင့် လစ်လပ်သည့်တစ်ဦးတွင် နိုင်ဗညားလယ် ဝင်ရောက်အရွေးခံရရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန် ၅ ဦးရွေးချယ်ခဲ့ရာတွင် ယခင်ဗဟိုကော်မတီဝင် ၂၇ ဦးပြန်လည်ရွေးချယ်ခံရပြီး ဗဟိုအသစ် ၆ ဦးနှင့် အရန် ၅ ဦးတို့ ပါဝင်လာသည်။

ဗဟိုကော်မတီဝင်သစ် ၆ ဦးတွင် ဒုဗိုလ်မှူးကြီးချမ်းလွန်၊ နိုင်ဉာဏ်ထွန်း(ဗဟိုကော်မတီဝင်ဟောင်း)၊ နိုင်ခြေးမွန်၊ နိုင်ကိုတာ(ယခင်ဗိုလ်မှူးကြီးဟောင်း)၊ နိုင်ငြိမ်းချမ်းနှင့် နိုင်ယက္ခ၊ အရန်ဗဟိုကော်မတီဝင်သစ် ၅ ဦးတွင် နိုင်ထောရော့(ဆရာကျောင်း)၊ နိုင်လဝီမွန်(ဗဟိုကော်မတီဝင်ဟောင်း)၊ နိုင်ရွှေသိန်း(ဗဟိုအလုပ်အမှုဆောင်ဟောင်း)၊ ဗိုလ်မှူးခင်အေး၊ ဗိုလ်မှူးကြီး တိုင်းဟန် ရွေးချယ်ခံရသည်ဟု သိရသည်။

ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်များကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပြီးသပ်ရွေးချယ်ပြီးခဲ့ခြင်း ဖြစ်သည်။

နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံသို့ ကိုယ်စားလှယ်ပေါင်း ၁၁၉ ဦး၊ လေ့လာသူ ၁၈ ဦး၊ ပြည်ပရောက်ပါတီဝင် ၂၀ ဦးနှင့် အကြံပေးသူ ၁၃ ဦးပါဝင်ကြောင်း တက်ရောက်သူများထံမှ သိရသည်။

ပါတီ၏စည်းမျဉ်းအရ ၄ နှစ်တစ်ကြိမ် ပါတီဗဟိုညီလာခံကျင်းပရမည်ဖြစ်ပြီး ဗဟို၊ ခရိုင်၊ မြို့နယ် ပါတီခေါင်းဆောင်အဆင့်ဆင့်ကို တက်ရောက်သူကိုယ်စားလှယ်များက လှို့ဝှက်မဲဖြင့် ရွေးချယ်ရခြင်းဖြစ်သည်။

နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံကို မွန်ပြည်နယ်၊ ရေးမြို့နယ်ချောင်းဖျားရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ၂၀၁၅ ခု၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ညီလာခံပြီးဆုံးမည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၌ ဥက္ကဌနိုင်ရွှေကျင် ဦးဆောင်ဖွဲ့စည်းပြီး ပထမအကြိမ်ဗဟိုညီလာခံကို ၁၉၈၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts