spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက် အဆိုတင်သွင်း

    ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက် အဆိုတင်သွင်း

    -

    မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက် သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်ကြောင်း အဆိုကို သံဖြုဇရပ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက (၁၁) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်။

    ၁၁ ကြိမ်မြောက် မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးကို မော်လမြိုင်မြို့၊ ဘိုးကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်အနီးရှိ မွန်ပြည်နယ်လွှတ်တော်ခန်းမတွင် ဧပြီလ ၇ ရက်နေ့မှ စတင်ကျင်းပခဲ့သည်။

    ဦးနိုင်ဦး က “မွန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို ကျောင်းသားတွေ၊ ဆရာ/ ဆရာမတွေ၊ ဌာနအသီးသီးမှ အလုပ်လုပ်နေတဲ့သူတွေ စည်းစည်းလုံးလုံးတက်ရောက်နိုင်ဖို့ဆိုတာ ရုံးပိတ်ရက် မဟုတ်တဲ့အတွက် သူတို့တက်ရောက်ဖို့အခက်အခဲရှိနေပြီး အစိုးရအနေနဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် ဒီအဆိုကိုတင်သွင်းတာပါ” ဟု ဆိုသည်။

    ယင်းရုံးပိတ်ရက်သည် တစ်နိုင်ငံလုံးအတိုင်းအတာသတ်မှတ်ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ လက်ရှိ မွန်တိုင်းရင်းသား အများစု နေထိုင်သည့် မွန်ပြည်နယ်အတွင်းကို ဦးစားပေးအဖြစ် မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ပေးဖို့ တောင်းဆိုကြောင်း ၎င်းက ဆက်ပြောသည်။

    ဦးနိုင်ဦး တင်သွင်းထားသည့်အဆိုကို ပြည်နယ်လွှတ်တော်မှ လက်ခံဆွေးနွေးသင့်ကြောင်း ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် မှ ထောက်ခံခဲ့သည်။

    နိုင်စံတင်က “နိုင်ငံတော်အနေဖြစ် ယခုအခါ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်၊ ဒါကြောင် ့တိုင်းရင်းသားလူမျိုးတရပ်လုံး လိုလားတောင်းတနေတဲ့ မွန်လူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ပေးဖို့ လွှတ်တော်မှ လက်ခံဆွေးနွေးသင့်တယ်” ဟု လွှတ်တော်အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့သည်။

    ဖေဖေါ်ဝါရီလအတွင်း ရေးမြို့တွင် ကျင်းပခဲ့သည့် (၆၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားတွင်လည်း “မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်ရရှိရေး ဒို့အရေး” စတေကာကပ် တောင်းဆိုသည့် လှုပ်ရှားမှုတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။

    အလားတူ မတ်လ ၁၉ ရက်နေ့က မုဒုံမြို့တွင် ပြည်နယ်အစိုးရဦးစီးကျင်းပသော ကျင်းပခဲ့သော မွန်ပြည်နယ်နေ့ အခမ်းအနားမိန့်ခွန်းတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က မွန်အမျိုးသားနေ့ကိုလည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts